ရင်ကွဲနာ

old-couple.gif

ဆေးရုံတက်နေရတဲ့ အဘိုးအို တစ်ဦးဟာ ဇနီးသည်ရဲ့ ဈာပန အခမ်းအနား ရုပ်သံမှတ်တမ်းကို ကြည့်ပြီး နာရီပိုင်း အကြာတွင် ကွယ်လွန်သွားခဲ့ပါတယ်။

ဒီအဘိုးအိုဟာ အသက် ၈၁ နှစ် အရွယ်ရှိတဲ့ စကော့တလန် နိုင်ငံသား ဘီလ်ကင်မရွန်ဖြစ်ပြီး အဆုပ်ယောင် ရောဂါ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ အတွက် ပြီးခဲ့တဲ့ လအတွင်း သေဆုံးခဲ့တဲ့ သူ့ဇနီးရဲ့ ဈာပန အခမ်းအနားကို မသွားနိုင်ခဲ့ပါဘူး။ ဒါကြောင့် သမီးဖြစ်သူက ဖခင် ကြည့်နိုင်ဖို့ အတွက် မိခင်ရဲ့ ဈာပန အခမ်းအနားကို ဖုန်းနဲ့ ဗီဒီယိုရိုက်ပြီး ဖခင်ကို ပြန်ပြခဲ့တာပါ။

ဘီလ်ကင်မရွန်နဲ့ သူ့ဇနီးသည်တို့ဟာ ၁၉၅၆ ခုနှစ်မှာ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ပြီးနောက် ခြောက်လအကြာမှာ လက်ထပ်ပွဲ ကျင်းပခဲ့ပြီး ၅၉ နှစ်ကြာမခွဲအတူ နေထိုင်ခဲ့ကြပါတယ်။ သူတို့ဟာ ၅၉ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည် အခမ်းအနား မတိုင်မီ ရက်သတ္တပတ် သုံးပတ် အလိုမှာ ခွဲခွာခဲ့ရတာပါ။ ဘီလ်ကင်မရွန်ဟာ ဆေးရုံ ကုတင်ပေါ်ကနေ သူ့ဇနီးရဲ့ ဈာပန အခမ်းအနား ဗီဒီယိုကိုကြည့်ရင်း မျက်ရည်ကျခဲ့ပြီး နှစ်နာရီ အကြာမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ သမီးဖြစ်သူ ဟီသာဂေါ်မန်းက ”အမေ မရှိဘဲ အဖေ အသက်ရှင်ချင်လိမ့်မယ်လို့ ကျွန်မ မထင်ပါဘူး။ အဖေက အမေ့နောက်ကို လိုက်ချင်နေခဲ့တာလို့ ကျွန်မ ထင်တယ်။ သူတို့က ၅၉ နှစ်ကြာအောင် မခွဲ အတူ နေထိုင်ခဲ့ကြပြီး အဲဒီကာလအတွင်း ရှစ်ရက်ပဲ ခွဲခဲ့ဖူးတာပါ။ ဒါက ကျွန်မတို့ မိသားစုအတွက် ခက်ခဲတဲ့ အခိုက်အတန့် ဖြစ်ပေမယ့် ဝေဒနာ ခံစားမှုကနေ လွတ်မြောက်သွားတာ အဖေ့အတွက် အကောင်းဆုံးပဲ ဆိုတာ ကျွန်မတို့ သိပါတယ်။ သူတို့နှစ်ဦး ပြန်လည် ဆုံစည်းခွင့် ရမယ် ဆိုတဲ့ အသိက စိတ်ကြည်နူးစရာပါ”လို့ ပြောပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top