အချင်းပင်မဆဲလ်အသုံးပြုတဲ့ ကမ္ဘာ့ပထမဆုံးခွဲစိတ်မှုဖြင့် နှလုံးရောဂါ ခံစားနေရသူ ကလေးငယ်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့

20-12-2022-yyl-83.jpg

ဗြိတိန်နိုင်ငံက ကလေးငယ် ဖင်းလေဟာ နှလုံးရဲ့ပင်မသွေးကြောတွေ ပုံသဏ္ဍာန်မမှန်ဘဲ မွေးဖွားလာလို့ မွေးပြီး ၄ ရက်အကြာမှာပဲ ခွဲစိတ်ကုသမှု လုပ်ခဲ့ရသူပါ။ ဒါပေမဲ့ ခွဲစိတ်ဆရာဝန်တွေက ဒီပြဿနာကို မဖြေရှင်းပေးနိုင်ခဲ့လို့ သူ့နှလုံး အလုပ်လုပ်ပုံက သိသိသာသာ ဆိုးရွားလာခဲ့ပြီး နှလုံးဘယ်ဘက်ခြမ်းမှာ သွေးစီးဆင်းမှု မရှိသလောက် ဖြစ်ခဲ့ပါတယ်။

ခွဲစိတ်မှုက ၁၂ နာရီကြာမြင့်ခဲ့ပေမဲ့ ခွဲစိတ်မှုလုပ်ပြီးနောက်မှာလည်း ဖင်းလေက နှလုံး၊ အဆုတ်အကူစက်နဲ့ အသက်ဆက်ခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်မှာ သီတင်းပတ် တော်တော်ကြာ စောင့်ကြည့်ခံခဲ့ရပါတယ်။ သမားရိုးကျ ကုသနည်းတွေအရ သူ့ကို ကုသပေးဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေမှာ ဖင်းလေက ဆေးဝါးအကူအညီနဲ့ပဲ ရှင်သန်နေခဲ့ရတာပါ။

အဲဒီနောက်မှာတော့ အချင်း ပင်မဆဲလ်အသုံးပြုတဲ့ ခွဲစိတ်မှုလုပ်ဖို့ စတင်ကြိုးပမ်းခဲ့ကြတာပါ။ လန်ဒန်မြို့ Royal Free ဆေးရုံမှ သိပ္ပံပညာရှင်တွေဟာ မျိုးဗီဇတူတဲ့ဆဲလ် (Allogeneic cells) တွေကို မွေးမြူပြီး ဖင်းလေရဲ့နှလုံးကြွက်သားထဲကို ထိုးသွင်းပေးခဲ့တာပါ။ မျိုးဗီဇတူဆဲလ်တွေဟာ သူတို့ကို လက်ခံတဲ့ တစ်သျှူးထဲမှာ ကြီးထွားလာနိုင်စွမ်းရှိပြီး ဖင်းလေရဲ့ ကုသမှုမှာတော့ ထိခိုက်ပျက်စီးနေတဲ့ နှလုံးကြွက်သားကိုပါ သန်စွမ်းလာစေတာ တွေ့ရပါတယ်။
သွေးကြောထဲက ပုံမှန်မဟုတ်တဲ့ အဆို့တွေကို ပြင်ဆင်ဖို့၊ နှလုံးရဲ့ ပင်မအခန်း ၂ ခုကြားက အပေါက်ကို ပြင်ဆင်ဖို့အတွက် အသုံးပြုတဲ့ ပင်မဆဲလ်ငြမ်းကို ဇီဝပရင်တာနဲ့ ပုံသဏ္ဍာန်မျိုးစို့ ထုတ်လုပ်လို့ ရပါတယ်။

ဘရစ္စတိုးနှလုံးသိပ္ပံရဲ့ ပါမောက္ခ မက်ဆီမိုကာပူတိုကတော့ ပင်မဆဲလ်ငြမ်း အသုံးပြုတဲ့ နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပြီး မွေးရာပါနှလုံးရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေ ခွဲစိတ်မှု များများစားစား မလုပ်ရအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ လာမယ့် နှစ်နှစ်အတွင်း အဲဒီနည်းပညာကို လက်တွေ့စမ်းသပ်မှုလုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ပင်မဆဲလ်ငြမ်း အသုံးပြုတဲ့ နည်းပညာနဲ့ ကုသမှုခံယူခဲ့သူ ဖင်းလေကတော့ ကျန်းမာပျော်ရွှင်လျက်ရှိပြီး အခုချိန်မှာ အသက်နှစ်နှစ်အရွယ် ရှိပါပြီ။

Ref:Baby’s life ‘probably saved’ by umbilical stem cells

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top