ပြန်ကြည့်တိုင်း မျက်ရည်ကျရပြီး ဘယ်တော့မှ ရိုးမသွားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကား

20-12-2022-yyl-84.jpg

လက်တလော Netflix မှာ တင်ထားတဲ့ ဇာတ်ကားတစ်ကားဟာ ကြည့်ရှုသူတွေကို မျက်ရည်ကျစေတဲ့အတွက် ဘယ်လိုမှ မကြည့်နိုင်တော့လောက်အောင် ဝမ်းနည်းရတယ်လို့တောင် ကြည့်ရှုသူတွေက ပြောနေကြရပါတယ်။ အဲဒီဇာတ်ကားဟာ ၁၉၂၀ ခုနှစ်က ဂျပန်နိုင်ငံရဲ့ ဟာချီကို လို့ခေါ်တဲ့ သစ္စာရှိခွေးတစ်ကောင်ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ၂၀၀၉ ခုနှစ်ရဲ့ Hachi: A Dog’s Tale ပါပဲ။ ဒီဇာတ်ကားကို ရုပ်ရှင်ချစ်ပရိသတ်တွေတော်တော်များများ ကြည့်ဖူးကြမှာ အမှန်ပါပဲ။

ဇာတ်လမ်းအကျဉ်းကို ပြန်ပြောရရင်တော့ ဟာချီကို ဆိုတဲ့ သစ္စာရှိခွေးလေးက သူ့သခင် သေဆုံးသွားတဲ့အခါမှာ သူ့သခင်ကို နေ့တိုင်းစောင့်ပြီးကြိုနေကျ ရထားဘူတာမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အထိ သူ့သခင် ပြန်လာမှာကို စောင့်ရင်း သေဆုံးသွားခဲ့တာပါ။ ဒီဇာတ်ကားထွက်ရှိခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဖြစ်ပေမဲ့ အခုလအစောပိုင်းမှာ Netflix ဟာ ပြန်တင်ပေးခဲ့ပါတယ်။ ဒီဇာတ်ကားက ကြည့်ရှုသူတွေကို ဘယ်နှစ်ကြိမ်ပြန်ကြည့်ကြည့် ဝမ်းနည်းစေခဲ့ပါတယ်။

အခုလည်း ကြည့်ရှုသူတွေက ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဘယ်လောက်ဝမ်းနည်းရတယ်ဆိုတာကို လူမှုကွန်ယက်ပေါ်မှာ ပြန်ပြောလာကြပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတစ်ယောက်က “ငိုချင်ရင်တော့ Netflix က Hachi: A Dog’s Tale က ကြည့်ပါ။ ငါဆို ရှိုက်ကြီးတငင်ငိုမိတယ်”တဲ့။ နောက်တစ်ယောက်ကလည်း “Hachi: A Dog’s Tale ရုပ်ရှင်ကားက အရမ်းကောင်းတယ်။

ကြည့်တိုင်း ငိုရတယ်”လို့ ဆိုပါတယ်။ “ငါ့ကို ငိုစေခဲ့တဲ့ တစ်ခုတည်းသောဇာတ်ကားက Hachi: A Dog’s Tale ပဲ”၊ “ငါ မကြည့်ဘူး။ တကယ်ကိုပဲ Hachi: A Dog’s Tale ကို မကြည့်နိုင်ဘူး။ ဇာတ်ကားကြည့်တဲ့တစ်လျှောက်လုံး မျက်ရည်နဲ့မျက်ခွက်ဖြစ်နေလိမ့်မယ်”လို့လည်း ပြောဆိုခဲ့ကြပါတယ်။
မြန်မာပရိသတ်တွေလည်း ဒီဇာတ်ကားပြန်ကြည့်တိုင်း ဝမ်းနည်းကြတယ်မလား?

Ref: TheMirror “Sad Netflix film has left viewers so distraught that they felt like ‘throwing up'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top