(၂) နှစ်သားအရွယ်မှာ သူ့ကို ကယ်တင်ခဲ့တဲ့ မီးသတ်သမားနဲ့ ၂၃ နှစ်အကြာမှာ ပြန်ဆုံစည်းဖြစ်ခဲ့တဲ့ အမျိုးသား

11.6.23-yyl-13.jpg

လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းက မီးသတ်သမားတစ်ဦးဟာ ရှာဗီယာ ဒင်မ်ပယ်စ် အမည်ရတဲ့အမျိုးသားကို မီးလောင်နေတဲ့အိမ်အတွင်းကနေ ကယ်တင်ပေးခဲ့တယ်။ အဲဒီတုန်းက ရှာဗီယာဟာ အသက် ၂ နှစ်အရွယ်ပဲရှိပါသေးတယ်။ အခု ၂၃ နှစ်အကြာမှာတော့ ဂျက်ဖ် အို့စ်ဆိုတဲ့ အဲဒီမီးသတ်သမားနဲ့ ရှာဗီယာတို့ ပြန်လည်ဆုံစည်းဖြစ်ခဲ့ပါတယ်။ အဲဒီအကြောင်းကို ရှာဗီယာကိုယ်တိုင် သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ ထုတ်ပြောပြခဲ့တာပါ။

ရှာဗီယာက သူ (၂) နှစ်သားအရွယ်မှာ သူ့ကို မီးသတ်သမား ဂျက်ဖ် ပွေ့ချီထားတဲ့ ပုံနဲ့အတူ လက်ရှိ သူတို့နှစ်ဦးတွေ့ဆုံဖြစ်တဲ့ပုံကို တင်ခဲ့တာပါ။ လက်ရှိပုံမှာ ရှာဗီယာက သူ့ရဲ့(၂) နှစ်အရွယ်သားလေးကို ပွေ့ချီထားပြီး ဂျက်ဖ်က ကြည့်နေတာပါ။ “ကျွန်တော် ၂ နှစ်သားအရွယ်မှာ အိမ်မီးလောင်တော့ ကျွန်တော် ပိတ်မိနေခဲ့တယ်။ အဲဒီနေ့က ကျွန်တော် သေတော့မလို့၊ ဒီမီးသတ်သမား ဂျက်ဖ် အို့စ်က အဲဒီအဆောက်အဦးအတွင်းကနေ ကျွန်တော်ကို ကယ်တင်ခဲ့ပြီး အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်။ အခု ၂၃ နှစ်အကြာမှာ သူက ကျွန်တော့်ရဲ့ ၂ နှစ်သားလေးကို ကိုင်နေတယ်။ သူမရှိရင် အခု ကျွန်တော် ရှိနေမှာမဟုတ်ဘူး”လို့လည်း ရေးသားထားပါတယ်။

မီးသတ်သမားကယ်တင်လို့ အသက်ပြန်ရှုလာခဲ့ပြီးတဲ့နောက်မှာ တစ်လလောက် ကိုမာဖြစ်သွားခဲ့တယ်။ သူ့ကို အသက်ရှင်ဖို့ အခွင့်ရေးပေးခဲ့တဲ့အတွက် ဂျက်ဖ်ကို ဘယ်တော့မှ ကျေးဇူးပြန်ဆက်လို့ကုန်မှာမဟုတ်ကြောင်း၊ သူနဲ့သူ့သားအတွက် ကြီးကျယ်တဲ့ဘဝနဲ့ နေနိုင်တာဖြစ်ပြီး သူ့အသက်ကို ဂျက်ဖ်ပိုင်တာဖြစ်ကြောင်း ရှာဗီယာက ဆိုထားပါတယ်။ သူ့ကို ဂျက်ဖ်နဲ့ အခြားမီးသတ်သမားတွေ ကယ်တင်နေတဲ့ ပုံတွေကိုလည်း သူ တင်ခဲ့ပါတယ်။

ဂျက်ဖ်နဲ့ အချိန်အကြာကြီးခင်မင်ရင်းနှီးနေခဲ့တာလားလို့ တစ်စုံတစ်ယောက်က ကွန်မန့်မှာ မေးမြန်းတော့ ရှာဗီယာက ဒါဟာ သူတို့​တွေ့တာပထမဆုံးရက်ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Firefighter and 2-year-old he saved from a house fire reunite after 23 years:
‘You are a fighter’

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top