ဖိလစ်ပိုင်နိုင်ငံမှာ စူပါတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေ

philippine.jpg

ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို စူပါတိုင်ဖွန်းမုန်တိုင်း ရိုင် ( ဒေသတွင်းမှာ အိုဒက်တေးလို့ ခေါ်ဆို) ဝင်ရောက်တိုက်ခတ်ခဲ့လို့ မိုးသက်လေပြင်း ကျရောက်ပြီး ရေကြီးရေလျှံမှု အန္တရာယ် ကြုံနေရပါတယ်။

ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းကနေ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာခဲ့တာပါ။ အရှေ့အလယ်ပိုင်း ကမ်းရိုးတန်းပေါ်က ဆိုင်အာဂိုကျွန်းကို ဝင်ရောက်တိုက်ခတ်ချိန်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၆၀ အထိရှိပြီး ရုတ်တရက် လေပြင်းတိုက်ခတ်မှုကတော့ တစ်နာရီ ၁၈၅ မိုင်နှုန်း ( အတ္တလန္တိတ်သမုဒ္ဒရာထဲက ပြင်းအားအဆင့် ၅ ဟာရီကိန်းမုန်တိုင်းနည်းတူ)အထိ ရှိခဲ့ပါတယ်။

လူ ၁၉၈၀၀၀ နီးပါးဟာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာပြီး အစိုးရခိုလှုံရေးစခန်းတွေမှာ သွားရောက်ခိုလှုံနေရတယ်လို့ ဖိလစ်ပိုင်နိုင်ငံ အမျိုးသား ဘေးအန္တရာယ်သက်ရောက်နိုင်ခြေ လျှော့ချရေးနဲ့ စီမံခန့်ခွဲမှုကောင်စီက ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို မုန်တိုင်းဖြတ်သန်းပြီး မင်ဒါနာအိုကျွန်းရဲ့ မြောက်ပိုင်းအစွန်မှာ တည်ရှိတဲ့ ဆူရီဂါအိုပြည်နယ်မှာ အဆိုးဆုံးအခြေအနေ ကြုံရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကျွန်းစုရှိရာ ဗီဆာယက်ဒေသရဲ့ ပြည်နယ်တော်တော်များများကိုလည်း မုန်တိုင်းတိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၀ ပြည့်နှစ် တရားဝင်ကိန်းဂဏန်းတွေအရ ဗီဆာယက်စ်ဒေသမှာ လူသန်း ၂၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။

ဆူရီဂါအိုပြည်နယ်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ အားကစားကွင်းတစ်ခုကို ခိုလှုံရေးစင်တာအဖြစ် အသုံးပြုနေပြီး ခန်းမကျယ်ကြီးထဲမှာ ပလတ်စတစ်တဲတွေ ထိုးပြီး မိသားစုတွေက ကြမ်းပြင်ပေါ်မှာ အိပ်စက်နေကြတာ တွေ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့ အခုတစ်ပတ်အစောပိုင်းကတည်းက ကြိုတင်ရွှေ့ပြောင်းရေးနဲ့ မုန်တိုင်းဒဏ် ကြိုတင်ပြင်ဆင်ရေးတွေ ဆောင်ရွက်ထားခဲ့တာပါ။

Ref: CNN “Super Typhoon Rai slams into the Philippines as tens of thousands evacuate”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top