မကြုံစဖူး အေးခဲမှုကြုံနေရချိန် သူ့ဆိုင်မှာ လူတွေကို ခိုလှုံခွင့်ပေးခဲ့တဲ့ နှလုံးလှ ဆံသပညာရှင်

30-12-2022-yyl-131.jpg

” လူတွေက ဖုန်းဆက်ပြီး ကျွန်တော့်ကို သူရဲကောင်းပဲလို့ ချီးကျူးကြတယ်။ ကျုပ်က သူရဲကောင်း မဟုတ်ပါဘူးဗျာ။ နှလုံးသားရှိတဲ့ လူတစ်ယောက်ဖြစ်ရုံပါပဲလို့ ကျွန်တော် ပြန်ပြောလိုက်ပါတယ်”

ဒီစကားကို ပြောခဲ့သူကတော့ နယူးယော့ခ်ပြည်နယ် ဘက်ဖလိုမြို့က C&C Cutz ဆံသဆိုင်ပိုင်ရှင် ခရိတ်အယ်စတန်ပါ။ မကြုံစဖူး အေးခဲတဲ့ ရာသီဥတုကြောင့် ဘက်ဖလိုမြို့မှာ လူ ၄၀ သေဆုံးခဲ့တယ်။ အပူချိန် – ၂၀ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းခဲ့ပြီး အအေးဒဏ် ၁၀ မိနစ်လောက် ခံစားရတာနဲ့ နှင်းကိုက်ဝေဒနာ ခံစားရနိုင်ပါတယ်။

အဲဒီလို အခြေအနေမှာ အယ်စတန်က အအေးဒဏ် ရှောင်လွှဲချင်သူတွေ ခိုလှုံလို့ရအောင် သူ့ဆိုင်ကို ဖွင့်ထားပေးခဲ့တာပါ။ သူ့ဆိုင်ထဲ ဝင်ရောက်ခိုလှုံခဲ့သူ ၅၀ လောက်အထိ ရှိခဲ့ပြီး လူ ၃၀ လောက်က စနေ၊ တနင်္ဂနွေ အားလပ်ရက် ၂ ရက်လုံး သူ့ဆိုင်မှာ နေခဲ့ကြပါတယ်။

တချို့တွေက အခန်းကြီး ၂ ခန်းထဲမှာ အိပ်စက်ကြပြီး တချို့တွေကလည်း ဆံသထိုင်ခုံပေါ်မှာ၊ ဆိုင်ကြမ်းပြင်မှာ အိပ်စက်ကြပါတယ်။ တချို့တွေကလည်း ဆိုင်ထဲမှာ အခိုက်အတန့်ပဲ ခိုလှုံကြပြီး ဖုန်းအားသွင်းတာ၊ ဝိုင်ဖိုင် သုံးပြီး မိသားစုဝင်တွေကို ဆက်သွယ်တာမျိုး လုပ်ကြပါတယ်။

” သူတို့အသက်ကို ကျွန်တော် ကယ်ပေးတာလို့ လူတွေက ပြောကြတယ်။ အပြင်ဘက်မှာ နောက်ထပ် ၃ မိနစ်လောက် နေရရင် အေးလွန်းလို့ သေသွားနိုင်တယ်တဲ့။ အင်္ဂလိပ်လို မပြောတတ်တဲ့ အမျိုးသားတစ်ယောက်က ကျွန်တော့်ကို ဒေါ်လာ ၁၀၀၀ ထုတ်ပေးတယ်။ ကျွန်တော့်လက်ထဲ အတင်းထိုးပေးတာပါ။ ဒါပေမဲ့ ကျွန်တော် မယူဘူး။ ငြင်းလိုက်တယ်။ လူတွေက ကူညီပေးချင်ရုံသပ်သပ်ပဲ။ ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘူးလို့လည်း သူ့ကို ပြောလိုက်ပါတယ်” လို့ အယ်စတန်က ဆိုပါတယ်။

Ref: Barber Helps Save Lives During Blizzard By Turning Shop Into A Shelter

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top