အေဂျင်စီဆီက ပြန်ရခဲ့တဲ့ အနုပညာကြေးတွေထဲက ဒေါ်လာ ၁.၆ သန်းကို လှူဒါန်းခဲ့တဲ့ အဆိုတော်မင်းသားလီဆွန်းဂီ

30-12-2022-yyl-134.jpg

ပြီးခဲ့တဲ့လက ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းအဆိုတော်မင်းသားချော လီဆွန်းဂီဟာ သူ့ရဲ့အေဂျင်စီ Hook Entertainment ကနေ ၁၈ နှစ်တာသီချင်းအယ်ဘမ်တွေအတွက် ရသင့်ရထိုက်တဲ့ အနုပညာကြေးတွေကို တစ်ပြားမှ မရရှိခဲ့တဲ့အပြင် “ငွေမဝင်တဲ့ အနုတ်လက္ခဏာအဆိုတော်”လို့ ပြောဆိုပြီး စိတ်ပိုင်းဆိုင်ရာပါထိခိုက်အောင်လုပ်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေထွက်ရှိခဲ့ပါတယ်။ အစပိုင်းမှာ Hook Entertainment က ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်းတိုးတဲ့အချိန် လီဆွန်းဂီနဲ့သက်ဆိုင်တဲ့ ငွေကြေးအသေးစိတ်အချက်အလက်တွေကို စစ်ဆေးခဲ့ပြီး သူ ရသင့်တဲ့အရာအားလုံးကို ပေးချေခဲ့ပြီးပြီလို့ ပြောကြားရင်း ဒီသတင်းကို ငြင်းဆိုခဲ့တာပါ။

ဒါပေမဲ့ လီဆွန်းဂီရဲ့ဥပဒေကိုယ်စားလှယ်က Hook Entertainment ရဲ့ပြောဆိုချက်တွေကို ငြင်းဆိုထားတဲ့ နောက်ထပ်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ အေဂျင်စီရဲ့စီအီးအိုက တောင်းပန်ခဲ့ပြီး လီဆွန်းဂီနဲ့ပတ်သက်ပြီး အပြည့်အဝတာဝန်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့က အေဂျင်စီဟာ လီဆွန်းဂီအပေါ် အမြတ်ထုတ်ခဲ့တဲ့ အနုပညာကြေးအားလုံးကို ပေးချေခဲ့ပါတယ်။

လီဆွန်းဂီက အေဂျင်စီကနေ သူရသင့်ရထိုက်တဲ့ငွေတွေအားလုံး ရရှိပြီးတဲ့နောက်မှာ ဒီငွေတွေအားလုံးကို လှူဒါန်းမယ်လို့ ကတိပြုခဲ့တာပါ။ အခုဆို သူဟာ အဲဒီငွေတွေကို စပြီးလှူဒါန်းလာပါပြီ။ဒီဇင်ဘာ ၂၉ ရက်နေ့က Seoul National University Children’s Hospital ဟာ အဆိုတော်မင်းသားလီဆွန်းဂီဆီကနေ ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေ တိုးချဲ့ရာမှာ အသုံးပြုမယ့် လှူဒါန်းငွေ ကန်ဒေါ်လာ ၁.၆ သန်း (ဝမ် ၂ ဘီလျံ) ကို လက်ခံရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လီဆွန်းဂီက ဆေးရုံကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ပြီး အဆောက်အဦးပြဿနာကြောင့် ကလေးလူနာတွေကို ဆေးကုရာမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စာနာမိတယ်လို့လည်း ဆေးရုံရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဆေးရုံက လီဆွန်းဂီရဲ့ရက်ရောတဲ့လှူဒါန်းမှုကို ဆေးရုံအခန်းတွေမှာ လူတွေပြည့်လျံနေမှုကို တိုက်ဖျက်ဖို့နဲ့ သက်တမ်းကြာပြီဖြစ်တဲ့ဆေးရုံအဆောက်အဦးတွေ တိုးတက်ကောင်းမွန်လာဖို့အတွက် အသုံးပြုဖို့ရည်ရွယ်ထားပါတယ်။ အလှူရှင်ရဲ့လှူဒါန်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ တိုးချဲ့မယ့် ဆေးရုံအဆောင်တွေထဲကတစ်ခုကို “Lee Seung Gi Ward” လို့ အမည်ပေးနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။

လီဆွန်းဂီကလည်း အင်စတာဂရမ်မှာ လှူဒါန်းမှုနဲ့ပတ်သက်ပြီး အခုလို ရေးသားဖော်ပြခဲ့ပါတယ်။

“ဒီငွေတွေ ကျွန်တော့်ဆီ ပြန်ရောက်လာကတည်းက ပိုအဓိပ္ပာယ်ရှိတဲ့အရာတစ်ခုခုအတွက် ဒီငွေကို ထုတ်ပေးချင်ခဲ့တာပါ။ ဆေးရုံရဲ့ချို့တဲ့အားနည်းတဲ့အခြေအနေတွေကို ကျွန်တော် ကိုယ်တိုင် သွားကြည့်ခဲ့တယ်။ ဒါကြောင့် Seoul National University Children’s Hospital မှာ လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကလေး (၇) ဦးနဲ့ သူတို့ရဲ့အုပ်ထိန်းသူတွေ (လူ (၁၄) ဦးကျော်) က ဆေးရုံအခန်းတစ်ခန်းတည်းမှာ နေနေရတာကို မြင်တွေ့ခဲ့ရတာ၊ မျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး ဒီရောဂါတွေကို တွန်းလှန်ကျော်လွှားနေရတာတွေက ကျွန်တော် မမေ့နိုင်တဲ့ မြင်ကွင်းတစ်ခုပါပဲ။ ကျွန်တော် ဝမ် ၂ ဘီလျံလှူဒါန်းပြီးလို့ အိမ်ပြန်လာနေပါပြီ။

Seoul National University Children’s Hospital က တောင်ကိုရီးယားနိုင်ငံရဲ့ပထမဆုံးတည်ဆောက်တဲ့ကလေးဆေးရုံဖြစ်ပါတယ်။ ဒီလှူဒါန်းမှုက ကလေးလူနာတွေနဲ့ သူတို့ရဲ့မိသားစုအတွက် နှစ်သိမ့်မှုလေးဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာ သူတို့ရဲ့ရောဂါတွေကို တွန်းလှန်ကျော်လွှားနိုင်ပြီး သူတို့ရဲ့နေ့စဉ်ဘဝဆီ ပြန်ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ နှစ်သစ်မှာလည်း ကျွန်တော် လှူဒါန်းမှုတွေ ဆက်လုပ်သွားမှာပါ။ ကျွန်တော် နောက်ထပ်မတူတဲ့နေရာတွေဆီ လှည့်ပတ်ကြည့်ရှုဦးမှာဖြစ်ပြီး ပိုပြီးအဓိပ္ပာယ်ရှိတဲ့နေရာတွေမှာ ဒီငွေတွေကို အသုံးပြုမှာပါ။ အားလုံးလည်း အခုနှစ်ကို ကောင်းကောင်းကုန်ဆုံးပြီး နှစ်သစ်မှာ ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။ ကျေးဇူးတင်ပါတယ်”

Ref: Lee Seung Gi Donates The Unpaid Earnings He’s Received To Meaningful Cause

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top