Behaviour (အပြုအမူ)

rebellious-spanish-guy-PPXM3EN-e1565879014777.jpg

တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ ဘာမဟုတ်တဲ့ အပြုအမူလေးဟာ တစ်စုံတစ်ယောက်ကို ထိခိုက် နစ်နာသွားစေခဲ့မယ်ဆိုရင်၊ စိတ်ခံစားချက် တစ်ခုခု ဖြစ်သွားစေခဲ့မယ်ဆိုရင် ဒါဟာ ကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။ သင့်ဘက်ကတော့ ပြောရိုးပြောစဉ် လုပ်ရိုးလုပ်စဉ် မိုပြောလိုက် လုပ်လိုက်ပေမယ့် တစ်ဘက်ကလူမှာက အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ခံစားချက် တစ်ခုခု ရှိနေခဲ့မယ်ဆိုရင် သူ့ကို ဆဲရေးတိုင်းထွာလိုက်သလို ခံစားစေသွားရမှာကို သတိပြုသင့်ပါတယ်။

ဥပမာအနေနဲ့ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် လမ်းမှာတွေ့ နုတ်ဆက်ကြတဲ့ အခါ “ဟယ် မတွေ့ရတာကြာပြီနော်၊ ဝလာလိုက်တာဟယ်”၊ “မတွေ့တာကြာပေါ့၊ အသားတွေ မည်းသွားတယ်နော်”စသဖြင့်ပေါ့။ မတွေ့တာကြာတာနဲ့ သူ့ရဲ့ ပုံပန်းသွင်ပြင်ကို အဲဒီလို ပြောဆိုလိုက်တာက ဘာလိုမှ ဆက်စပ်လို့မရတဲ့ အရာပါ။ “ပိန်သွားတယ်နော်” တို့ “အသားတွေ ဖြူလာတယ်နော်” ဆိုရင်တော့ သဘောကျကောင်းကျမှာပေါ့လေ။ ဒါပေမယ့် အရမ်းဝနေတဲ့လူတွေ အသားအရမ်းမည်း နေတဲ့သူတွေကတော့ ဒါတွေဟာ သူတို့ရဲ့ အားနည်းချက်လို့ ခံစားနေရတာဖြစ်လို့ သင်က သဘောရိုးနဲ့ ပြောဆိုလိုက်သည့်တိုင် သူဘက်ကတော့ ဒါဟာ သူ့ကို Body Shaming လုပ်လိုက်တာလို့ ခံစားသွားရစေမှာပါ။ နောင်ကို လမ်းမှာတွေ့လို့ သင့်ကို ရှောင်ဖယ်ဖယ် လုပ်သွားတာလေးကစပြီး ဖုန်းဆက်ရင် မကိုင်တော့လောက်တဲ့အထိ ဖြစ်သွားခဲ့ရင်၊ အပြင်မှာ တွေခဲ့အခါ ခပ်စိမ်းစိမ်း ဖြစ်သွားခဲ့ရင် ဒါဟာ သင့်ရဲ့ မကောင်းတဲ့ (သင်ကိုယ်တိုင် သတိမထားမိတဲ့) အပြုအမူ လေးကြောင့် မိတ်ဆွေတစ်ယောက် ဆုံးရှုံးရပြီလို့သူ သတ်မှတ်လိုက်ပါ။

လမ်းမှာ လမ်းလျှောက်သွားတဲ့ မိန်းကလေး တစ်ယောက်ကို လက်ဖက်ရည်ဆိုင်ကနေ ဟေးလားဝါးလား အော်ဟစ်စနောက်တာမျိုး၊ လူကြားထဲမှာ မိမိရဲ့ ဖုန်းကို အသံကုန်ဖွင့်ပြီး သီချင်းနားထောင်တာမျိုး၊ ဈေးဝယ်တဲ့အခါ တန်းစီရမယ့်အစား အတင်းလုယက်ပြီး ကျော်တက်တာမျိုး၊ လူကျပ်တဲ့ ကားပေါ်မှာ အမျိုးသမီးတွေအနား အတင်းလိုက်ကပ်ပြီး အသားယူတာမျိုး စတာတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံမှာ တဖြည်းဖြည်း ပပျောက်သွာသင့်နေပြီဖြစ်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းမှာ လူ့အခွင့်အရေး ရှိပါတယ်။ ဒါဟာသင့်ကို သင်လုပ်ချင်ရာ လုပ်ခွင့်ကို ပေးလိုက်တာ မဟုတ်ပါဘူး။ သင့်ရဲ့ အပြောအဆို အပြုအမူဟာ တစ်စုံတစ်ယောက်ကို ထိခိုက် နှစ်နာစေတယ်ဆိုရင် သင်သိထားတဲ့ လူ့အခွင့်အရေးဆိုတာ မှားနေပါလိမ့်မယ်။ အဲ့ဒီတော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားနဲ့အညီ ကျွန်တော်တို့ရဲ့ မကောင်းတဲ့ အပြုအမူဆိုးတွေကို ကြိုးစားဖျောက်ဖျက်ရင်း ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုဆီကို လျောက်လှမ်းကြစို့လားဗျာ။

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top