ရထားပေါ်မှ အမျိုးသမီး ၂ ယောက်အကြောင်း

5.7.23-yyl-11.jpg

ရထားပေါ်မှာ သက်လတ်ပိုင်း အမျိုးသမီးနှစ်ယောက် ဘေးချင်းကပ် ထိုင်နေကြတယ်။ တစ်ယောက်က ပျော်နေပုံရပြီး နောက်တစ်ယောက်က ဝမ်းနည်းအားငယ်နေဟန်ပဲ။ ပျော်နေပုံရတဲ့ အမျိုးသမီးက စာအုပ်ဖတ်နေပြီး တစ်ယောက်တည်း သဘောကျ ရယ်မောနေချိန်မှာ ကျန်အမျိုးသမီးကတော့ သူ့ကိုကြည့်ပြီး မနာလိုဖြစ်နေတယ်။

” ရှင်က ပျော်နေပုံပဲနော်။ ကျွန်မလည်း ရှင့်လို ပျော်ချင်လိုက်တာ။ ဒါပေမဲ့ ဘဝဆိုတာ ညီတူမျှတူမှ မဟုတ်တာ”လို့ လှမ်းပြောလိုက်တယ်။

ပျော်နေပုံရတဲ့ အမျိုးသမီးက စာအုပ်ကိုပိတ်လိုက်ပြီး ” ရှင် တွေ့ကြုံခံစားနေရတာတွေအတွက် ကျွန်မ တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ရှင် ရင်ဖွင့်ချင်ရင် ကျွန်မကို ပြောလေ”လို့ ပြန်ပြောတယ်။
ဝမ်းနည်းနေပုံရတဲ့ အမျိုးသမီးဟာ မသန်စွမ်းအဖြစ် မွေးဖွားလာတဲ့ သူ့ရင်သွေးအတွက် ဝမ်းနည်းယူကျုံးမရ ဖြစ်နေရှာသူပါ။

” ရှက်ရွံ့စိတ်၊ ဝမ်းနည်းအားငယ်စိတ်၊ မျှော်လင့်ချက်ကင်းမဲ့မှု၊ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်တွေကို ရင်ဆိုင်ရတာ သိပ်ခက်တာပဲ။ အရာအားလုံးကို ပြောင်းလဲနိုင်ပါစေလို့ ဆုတောင်းတယ်။ ဒီခံစားချက်က သိပ်နာကျင်ရတာပဲ” လို့ ပြောပြီး အမျိုးသမီးက ငိုချလိုက်တယ်။

” ရှင့်အတွက် သိပ်ခက်ခဲမှာပဲနော်။ ဒါပေမဲ့ ဘဝဆိုတာ အဆိုးတွေချည်း တွေးနေလို့မရပါဘူး။ ကောင်းတဲ့ဘက်ကိုလည်း တွေးကြည့်ဖို့ လိုပါတယ်။ ဒါဟာ နောင်တရနေလို့ မထူးတဲ့ ရွေးချယ်မှုလေ”လို့ ပျော်နေပုံရတဲ့ အမျိုးသမီးက ဖြောင်းဖျပေးလိုက်တယ်။

” ရှင့်မှာ မသန်စွမ်းရင်သွေးမှ မရှိတာလေ။ ဒီတော့ ကျွန်မ ခံစားနေရတဲ့ ဝေဒနာတွေကို ရှင်နားလည်မှာ မဟုတ်ပါဘူး။ မျှော်လင့်ချက်၊ အိပ်မက်တွေအားလုံး ပျက်သုန်းသွားတဲ့ နာကျင်မှုမျိုးပေါ့။ ရှင်က ကံကောင်းတော့ ဒီနာကျင်မှုကို နားမလည်နိုင်ပါဘူး”လို့ ဝမ်းနည်းနေတဲ့ အမျိုးသမီးက ပြန်ပြောတယ်။
အဲဒီအချိန်မှာ ပျော်နေပုံရတဲ့ အမျိုးသမီး နှုတ်ဆိတ်သွားတယ်။ ခဏကြာတော့ သူ ဆင်းရမယ့် ဘူတာရောက်လို့ ဆင်းသွားတယ်။ သူ့ခုံမှာ စာတစ်စောင် ကျန်နေခဲ့တာကို ဝမ်းနည်းနေတဲ့ အမျိုးသမီး တွေ့လိုက်တယ်။ စာထဲမှာ ရေးထားတာက ” ကျွန်မရင်သွေး ၃ ယောက်လုံးက မသန်စွမ်းတွေချည်းပါပဲ။ ဒီတော့ ရှင်ခံစားနေရတာထက် ၃ ဆပိုပြီး ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့ နှစ်ယောက်ရဲ့ ခြားနားချက်ကတော့ ကျွန်မက အရှိတရားကို လက်ခံနိုင်စွမ်း ရှိတာပါပဲ”။

သင်ခန်းစာ
အရှိတရားကို လက်ခံဖို့ ငြင်းဆန်တဲ့အခါ ဝမ်းနည်းမှု၊ စိတ်အားငယ်မှုတွေ ကြုံရတတ်ပါတယ်။ ကျွန်တော်တို့အားလုံး ပြဿနာ၊ အခက်အခဲတွေ ကြုံရတဲ့အခါ လက်ရှိအခြေအနေကို ပြောင်းလဲချင်ကြစမြဲပါပဲ။ အဲဒီအခါ အပြစ်ရှိစိတ်၊ ရှက်ရွံ့စိတ်၊ ခါးသီးမှု၊ မျှော်လင့်ချက် ကင်းမဲ့မှု၊ ဒေါသစိတ်တွေ ဖြစ်လာကြပါတယ်။ ကျွန်တော်တို့ဘဝမှာ အရာအားလုံးကို ပြောင်းလဲနိုင်စွမ်း မရှိပါဘူး။ ဒီတော့ အရှိတရားကို လက်ခံနိုင်ဖို့ ကြိုးစားရမှာပါ။ အရှိတရားကို လက်ခံမှသာ ပျော်ရွှင်မှု ရမှာပါ။

Ref: Two Women on the Train

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top