နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ

glass-bowl-of-milk-UTA95T5.jpg

ကမ္ဘာတလွှားမှာ နို့အမျိုးမျိုးကို နှစ်ပေါင်းများစွာ သောက်သုံးလာခဲ့ကြပါတယ်။ နွားနို့ အပါအဝင် သိုး၊ ဆိတ်များဆီကနေ ထုတ်လုပ်သောက်သုံးကြပါတယ်။ နို့သောက်ခြင်းရဲ့ အာဟာရတန်ဖိုးနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြတာ ရှိပါတယ်။ နို့ဟာ ဓာတ်မတည့်ခြင်းလည်း ဖြစ်စေတတ်တာမို့ အချို့က အကျိုးထက် အပြစ်ပိုများကြောင်း ထောက်ပြကြပါတယ်။

ယခု ဆက်လက်ဖော်ပြမှာကတော့ သိပ္ပံနည်းကျ သုတေသနပြုလုပ်ထားတဲ့ နို့သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။

၁။ နို့မှာ ထင်မထားလောက်အောင် အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။

မွေးခါစ တိရစ္ဆာန်ကလေးငယ်များကို အာဟာရဓာတ်ပြည့်ဝအောင် သဘာဝက ဖန်တီးထားတာမို့ ပါဝင်တဲ့ အာဟာရဓာတ်များဟာ အံ့မခန်းပါပဲ။ ဥပမာ နွားနို့တခွက် (၂၄၄ ဂရမ်) မှာ အောက်ပါအာဟာရဓာတ်တွေ ပါဝင်ပါတယ်။

• ကယ်လိုရီ။ ၁၄၆

• ပရိုတိန်း။ ၈ ဂရမ်

• အဆီဓာတ်။ ၈ ဂရမ်

• ကယ်လ်ဆီယမ်။ တနေ့တာလိုအပ်ချက်ရဲ့ ၂၈ ရာခိုင်နှုန်း

• ဗီတာမင်ဒီ။ တနေ့တာလိုအပ်ချက်ရဲ့ ၂၄ ရာခိုင်နှုန်း

• ဗီတာမင် B2။ တနေ့တာလိုအပ်ချက်ရဲ့ ၂၆ ရာခိုင်နှုန်း

• ဗီတာမင် B12။ တနေ့တာလိုအပ်ချက်ရဲ့ ၁၈ ရာခိုင်နှုန်း

• ပိုတက်ဆီယမ်။ တနေ့တာလိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်း

• ဖော့စဖိတ်။ တနေ့တာလိုအပ်ချက်ရဲ့ ၂၂ ရာခိုင်နှုန်း

• ဆီလီနီယံ။ တနေ့တာလိုအပ်ချက်ရဲ့ ၁၃ ရာခိုင်နှုန်း

နို့ဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရဲ့ အကောင်းဆုံးရင်းမြစ်ဖြစ်ပါတယ်။ တော်တန်ရုံ အစားအသောက်တွေမှာ မပါတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ဗီတာမင်အေ၊ မဂ္ဂနီဆီယမ်နဲ့ ဇင့် စတာတွေလည်း ပါဝင်ပါသေးတယ်။

၂။ အရည်အသွေးမြင့် ပရိုတိန်းရင်းမြစ်ဖြစ်တယ်

နွားနို့တခွက်မှာ ပရိုတိန်း ၈ ဂရမ် ပါဝင်တာမို့ အတော်လေး မြင့်မားတဲ့ ပမာဏဖြစ်ပါတယ်။ ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားဖို့၊ ကိုယ်ခံစွမ်းအားတက်စေဖို့ လိုအပ်ပါတယ်။

နို့ကို ပြီးပြည့်စုံတဲ့ ပရိုတိန်းလို့ ခေါ်ပါတယ်။ မရှိမဖြစ် အမိုင်နိုအက်ဆစ်ကိုးမျိုးလည်း ပါဝင်လို့ ဖြစ်ပါတယ်။

နို့မှာပါဝင်တဲ့ ပရိုတိန်းများကို အဓိက အုပ်စုနှစ်ခု ခွဲပါတယ်။ Casein နဲ့ Whey လို့ခေါ်ပါတယ်။ Casein ဟာ ၇၀-၈၀ ရာခိုင်နှုန်းလောက်ပါဝင်ပြီး Whey ပရိုတိန်းကတော့ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

၃။ အရိုးများကို သန်မာစေတယ်

နို့သောက်ခြင်းဟာ အရိုးများ ကျန်းမာကြံ့ခိုင်စေဖို့ အထောက်အကူပြုပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ပရိုတိန်းနဲ့ ဗီတာမင် K2 စတာတွေ ပါဝင်ပါတယ်။

ကိုယ်ခန္ဓာမှာရှိတဲ့ ကယ်လ်ဆီယမ်ရဲ့ ၉၉ရာခိုင်နှုန်းကို အရိုးများနဲ့သွားထဲ သိုလှောင်ထားပါတယ်။ နို့မှာ ကယ်လ်ဆီယမ်ကို ကောင်းကောင်းစုပ်ယူနိုင်ဖို့ လိုအပ်တဲ့ ဗီတာမင် D၊ ဗီတာမင် K၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ် စတာတွေ ပါဝင်ပါတယ်။

ဒါကြောင့် နို့ကို ပုံမှန်သောက်ပေးရင် အရိုးနဲ့ပတ်သက်တဲ့ ရောဂါတချို့ (ဥပမာ အရိုးပွခြင်း) ကို ကာကွယ်ပေးနိုင်ပါတယ်။ သက်ကြီးရွယ်အိုများ အရိုးများကျိုးပဲ့လွယ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

၄။ ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

နို့သောက်ခြင်းဟာ အဝလွန်နိုငခြေ လျော့နည်းစေတယ်လို့ သိရပါတယ်။ ဒါပေမယ့် မပြုမပြင်ရသေးတဲ့ သဘာဝနို့စစ်စစ်ကိုသာ ဆိုလိုပါတယ်။

နို့မှာ ပရိုတိန်းပါဝင်မှုများတာမို့ အဆာခံပါတယ်။ ဒါကြောင့် အစာကိုလိုတာထက် ပိုပြီး စားသုံးမိခြင်းကနေ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် linoleic အက်ဆစ်ဟာ အဆီဓာတ်များကို ဖြိုခွဲပေးတာကြောင့် အဝလွန်နိုင်ခြေကို ကာကွယ်ပေးပါတယ်။ နို့မှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်ဟာလည်း အဆီဓာတ်များကို ဖြိုခွဲပြီး ကိုယ်ခန္ဓာက စုပ်ယူထားခြင်းကနေ ကာကါယ်ပေးပါတယ်။

၅။ ဘက်စုံသုံးနိုင်ခြင်း

နို့ဟာ ကျန်းမာရေးအတွက် နည်းမျိုးစုံနဲ့ အကျိုးပြုပါတယ်။ ပုံမှန်အတိုင်း သောက်သုံးနိုင်တဲ့အပြင် တခြားအစားအသောက်များနဲ့ နည်းမျိုးစုံ တွဲဖက်စားသုံးနိုင်ပါတယ်။ ဥပမာအားဖြင့်-

• Smoothies။ ပရိုတိန်းကြွယ်ဝပြီး အရသာရှိတဲ့ စမူသီအနေနဲ့ ပြင်ဆင်စားသုံးနိုင်ပါတယ်။ အာဟာရဓာတ် ပိုမိုကည့်ဝအောင် အသီးအနည်းငယ် ထပ်ဖြည့်နိုင်ပါတယ်။

• Oatmeal။ တခြားအရည်နဲ့စပ်မယ့်အစား နို့သုံးရင် အရသာကောင်းမွန်ပြီး အာဟာရပြည့်ဝပါတယ်။

• ကော်ဖီ။ မနက်ခင်းကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်နဲ့ပေါင်းစပ်သောက်သုံးရင် အာဟာရဓာတ် ပိုမိုရရှိမှာ ဖြစ်ပါတယ်။

• စွတ်ပြုတ်။ နို့ကို စွတ်ပြုတ်ထဲလည်း ရောစပ်သောက်သုံးနိုင်ပါတယ်။

နွားနို့နဲ့ တိရစ္ဆာန်တွေဆီက ထုတ်ယူထားတဲ့ နို့မဟုတ်ဘဲ အစေ့အဆန်တွေဆီက ထုတ်လုပ်ထားတဲ့ နို့တွေလည်း ရှိပါသေးတယ်။ ဒါကြောင့် တိရစ္ဆာန်ထွက် အစားအသောက်များကို ရှောင်ကြဉ်သူတွေအနေနဲ့လည်း ထပ်မံရွေးချယ်စရာ ရှိနေပါတယ်။

Ref : hellosayarwon

ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top