ကိုယ်တိုင် နို့ချိုတိုက်ကျွေးတဲ့ မေမေ တွေပဲ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

young-mother.jpg

ကလေးတွေကို ၆ လအရွယ်အထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးဖို့ သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေက ဘာကြောင့် အကြံပြုကြသလဲ။ မိခင်နို့တိုက်ကျွေးခြင်းက ကလေးအတွက်ရော၊ မေမေ တို့အတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများလှတာကို သင်သိပါသလား။

မေမေ တို့အတွက် ဆုလာဘ်တချို့

မေမေ့ နို့ရည်ဟာ ဘေဘီလေးအတွက်က ဘေးအန္တရာယ်နဲ့ ဆိုးကျိုးသက်ရောက်မှု ကင်းတဲ့ အကောင်းဆုံး အာဟာရပါ။ မွေးကင်းစအရွယ် ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်တင်းနိုင်ဖို့ မိခင်နို့ကို အစားထိုးနိုင်မယ့် တခြားအာဟာရ မရှိပါဘူး။ တစ်ဖက်မှာလည်း မေမေတို့အတွက် မိခင်နို့တိုက်ကျွေးရင်း အလိုအလျောက် ရရှိနိုင်မယ့် ဆုလာဘ်တချို့ ရှိနေပါတယ်။

ဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေကို နို့ချို တိုက်ကျွေးတဲ့ မေမေတွေပဲ ရနိုင်မှာပါနော် –

ကင်ဆာ ကာကွယ်နိုင်တယ်

လေ့လာတွေ့ရှိထားတဲ့ အချက်အလက်တွေအရ ကလေးကို မိခင်နို့ ၆လနဲ့ ၆လအထက် တိုက်ကျွေးခြင်းကြောင့် ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ သားအိမ်ကင်ဆာတို့ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဘာလို့လဲ ဆိုတော့ သားဥကြွေခြင်းနဲ့ သားဥကြွေစေတဲ့ ဟော်မုန်းကို ဖိနှိပ်ထားလို့ ကင်ဆာဖြစ်စေနိုင်တဲ့ အခြေအနေကို နည်းစေပါတယ်။ ကင်ဆာဖြစ်ရခြင်းတွေမှာ အဲ့ဒီ သားဥကြွေခြင်းကလည်း အဓိက နေရာက ပါဝင်ဆောင်ရွက်နေလို့ ဖြစ်ပါတယ်။

နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းစေတယ်

၂၀၀၉ခုနှစ်မှာ လေ့လာစမ်းသပ်သူတွေ တွေ့ရှိချက်အရ ကလေးအသက် နှစ်နှစ်ထိ မိခင်နို့တိုက်တဲ့ အမျိုးသမီးတွေဟာ နှလုံးရောဂါဖြစ်ဖို့ ၂၃ရာခိုင်နှုန်းထိ လျော့နည်းတာ တွေ့ရပါတယ်။

မိခင်နို့ တိုက်ကျွေးခြင်းက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် ထဲက သကြားဓာတ်နဲ့ အဆီဓာတ် လှည့်ပတ်မှုကို အကျိုးသက်ရောက်စေပြီး ခန္ဓာကိုယ်ထဲက အန္တရာယ်ရှိတဲ့ အဆီစုခြင်းကို လျော့ကျစေနိုင်တယ် လို့ လေ့လာသူတွေက ယုံကြည်ထားကြပါတယ်။

မီးဖွားပြီး မြန်မြန် နာလန်ထစေတယ်

မိခင်ဟာ ကလေးငယ်ကို မိခင်နို့ တိုက်ကျွေးစဉ်မှာ အောက်စီတိုစင် ဟော်မုန်းထွက်လာပါတယ်။ ဒီအရာဝတ္ထုဟာ သားအိမ်ကို ကျုံ့စေပြီး ကလေးမွေးအပြီး သွေးသွန်ခြင်းကို လျော့ကျစေပါတယ်။ ဒါ့ပြင် ကလေးနို့တိုက်ခြင်းဟာ သားအိမ် ပုံမှန်အရွယ်အစား ပြန်ရောက်ခြင်း ဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။

တကယ်လို့ မိခင်နို့တိုက်ကျွေးမယ်ဆိုရင် ဒီဖြစ်စဉ်ဟာ ၆ ပတ်သာ ကြာမြင့်ပြီး မိခင်နို့ တိုက်ကျွေးခြင်း မရှိသူတွေမှာ ၁၀ ပတ်လောက် ကြာမြင့်နိုင်ပါတယ်။

ကိုယ်အလေးချိန် ပြန်ထိန်းနိုင်စေတယ်

နို့တိုက်ခြင်းရဲ့ ကောင်းတဲ့ တစ်ချက်ကတော့ အမျိုးသမီးတွေကို ကလေးမမွေးခင် ပုံမှန် ဝိတ် ပြန်ရဖို့နဲ့ အဝလွန်ရောဂါဖြစ်နှုန်း လျှော့ချဖို့ ကူညီပါတယ်။

ခန္ဓာကိုယ်မှာ မိခင်နို့ရည် ထုတ်လုပ်မှုဖြစ်စဉ်ကြောင့် တစ်နေ့ကို ကယ်လိုရီ ၃၀၀ ကနေ ၅၀၀ လောက်အထိ လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင် မိခင်နို့ တိုက်ကျွေးတဲ့ မေမေ တွေဟာ နို့ဘူးတိုက်တဲ့ မေမေတွေထက် ကိုယ်အလေးချိန်ပြန်ကျဖို့ ပိုလွယ်ကြပါတယ်။

မိခင်နို့ရည် တစ်အောင်စ မှာ ကယ်လိုရီ ၂၀ ပါဝင်တာမို့ တစ်နေ့ကို ဘေဘီလေးဆီ ၂၀ အောင်စ နို့တိုက်ကျွေးလိုက်တယ်ဆို မေမေ့ဆီမှာ ကယ်လိုရီ ၄၀၀ လောက် လျော့သွားမှာ ဖြစ်ပါတယ်။ ဒါလည်း မေမေတို့ အတွက် သဘာဝက ပေးတဲ့ ဆုလာဘ်ပါပဲ။

လေးဖက်နာအဆစ်ရောင် ဖြစ်နိုင်ခြေ နည်းစေတယ်

Harvard’s Birmingham and Women’s Hospital ကနေ လေ့လာတွေ့ရှိချက်အရ မိခင်နို့တိုက်ကျွေးခြင်းဟာ လေးဖက်နာအဆစ်ရောင်ရောဂါ ကာကွယ်တယ်လို့ ဆိုပါတယ်။

ကလေး အသက် နှစ်နှစ်အထိ နို့တိုက်ခြင်းက ဒီရောဂါ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း ထိ လျော့နည်းစေနိုင်ပါတယ်။ တစ်နှစ်ကနေ တစ်နှစ်ခွဲထိ တိုက်ခြင်းက ၂၀ရာခိုင်နှုန်းထိ လျော့ချနိုင်ပါတယ်။

နို့တိုက်ခြင်းဟာ အမျိုးသမီး တွေရဲ့ လိင်နဲ့ ဆိုင်တဲ့ ဟော်မုန်းတွေ ဖြစ်တဲ့ အက်စထရိုဂျင်နဲ့ အန်ဒရိုဂျင်တို့မှာ အပြောင်းအလဲ ဖြစ်စေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုတွေ့ရှိချက်ကို Malmo University က လေ့လာချက်တစ်ခု ကလည်း ဖော်ပြထားပါသေးတယ်။

စိတ်ပျော်ရွှင်မှု တိုးလာစေတယ်

နို့တိုက်ချိန်မှာ ကလေးနဲ့ အနီးကပ်နေရတာကြောင့် မိခင်တွေမှာ စိတ်ပျော်ရွှင်မှု ပိုရစေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သူတို့ကလေးတွေကို နို့တိုက်တဲ့ မိခင်တွေဟာ မီးဖွားပြီးနောက်ပိုင်း စိတ်ကျခြင်း ကို ဖြစ်နိုင်ခြေ နည်းလေ့ရှိတယ်လို့ ဆိုပါတယ်။

နို့တိုက်မိခင်တွေဟာ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေအနေနဲ့ ကိုယ့်ဘာသာ ယုံကြည်မှု ပိုရှိလာခြင်း၊ ကလေးနဲ့ ဆက်သွယ်မှုတွေ ကောင်းလာခြင်း အကျိုးကျေးဇူး တွေကို ရရှိနိုင်ပါလိမ့်မယ်။

ဘေဘီလေးက ပိုချစ်လာမယ်

ကလေးကို မိခင်နို့တိုက်ကျွေးတဲ့အခါ မိခင်နဲ့ ကလေး ရင်းနှီးမှု ပိုမို ရရှိစေနိုင်ပါတယ်။ ကလေးနဲ့ မေမေ ချစ်ခင်ရင်းနှီးတာဟာ ကလေးကို ပြုစုပျိုးထောင်ရာမှာ သိပ်ကို အရေးကြီးတဲ့ အချက် လည်း ဖြစ်ပါတယ်။

သားဆက်ခြားဖို့ အထောက်အပံ့ဖြစ်စေတယ်

နို့တိုက်ခြင်းဟာ သားဥကြွေခြင်းကို နှေးစေပါတယ်။ ကလေးကို အချိန်ကာလကြာ နို့တိုက်လေလေ သဘာဝသားဆက်ခြားနည်းနဲ့ ကလေးခြားလို့ ရလေလေ ပါပဲ။ သင့်ကလေးကို မိခင်နို့ တိုက်ကျွေးနေပြီ ဆိုရင် ဒါဟာ ရာသီလာခြင်း ကိုရော မမျိုးဥကြွေခြင်းကိုပါ နှောင့်နှေးစေပါတယ်။

ကလေးနို့တိုက်စဉ်မှာ ထွက်လာတဲ့ ပရိုလက်တင် နဲ့ အတူ အက်စထရိုဂျင် နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေဟာ ကန့်သတ်မှု ရှိတာကြောင့် မမျိုးဥကြွေခြင်း ဖြစ်စဉ်ကို နှောင့်နှေးစေပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top