ဘီလ်ဂိတ်ရဲ့ကုမ္ပဏီက နည်းပညာမြင့် နျူကလီးယားစွမ်းအင်စက်ရုံငယ်တွေ တည်ဆောက်ဖို့ စီစဉ်

billgates01.jpg

ဆိုလာစွမ်းအင်၊ လေစွမ်းအင်တွေလို အမြဲတစေမရနိုင်တဲ့ ရင်းမြစ်တွေက ပံ့ပိုးပေးတဲ့ လျှပ်စစ်ဓာတ်အားကို ဓာတ်အားကွန်ရက်တွေမှာ တိုးမြှင့်သိုလှောင်နိုင်စေမယ့် နည်းပညာမြင့် နျူကလီးယားစွမ်းအင်စက်ရုံငယ်တွေ တည်ဆောက်ဖို့ မျှော်မှန်းနေတယ်လို့ ဘီလ်ဂိတ် တည်ထောင်ထားတဲ့ နျူကလီးယားစွမ်းအင်လုပ်ငန်းက ပြောပါတယ်။ ဒါဟာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တဲ့ ဘီလ်ဂိတ်ရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှာ ဓာတ်အားကွန်ရက်တွေအပေါ် မှီခိုအားထားနိုင်မှုအတိုင်းအတာကို မထိခိုက်စေဘဲ ကမ္ဘာကြီးပူနွေးစေတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု လျှော့ချဖို့ ဘီလ်ဂိတ်က ပစ်မှတ်ထားနေတာပါ။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးတဲ့ ဘီလ်ဂိတ်ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်မှာ TerraPower LLC လုပ်ငန်းကို တည်ထောင်ခဲ့တာပါ။ ”၂၀၅၀ ရောက်ရင်တော့ ကမ္ဘာတစ်လွှားမှာ အဲဒီလို ဓာတ်ပေါင်းဖိုတွေ ရာနဲ့ချီပြီး မြင်ရမှာပါ။ စွမ်းအင်လိုအပ်ချက် အဖုံဖုံကိုလည်း ဖြေရှင်းပြီးသား ဖြစ်စေမှာပါ”လို့ TerraPower ကုမ္ပဏီဥက္ကဋ္ဌ ခရစ်လီဗက်ကေးက ပြောပါတယ်။ သူတို့ကုမ္ပဏီဟာ ပုဂ္ဂလိက တွဲဖက်ကုမ္ပဏီတွေနဲ့ အမေရိကန်စွမ်းအင်ဌာနထံကနေ ရန်ပုံငွေ တောင်းခံထားတယ်လို့ ဆိုပါတယ်။

၃၄၅ မဂ္ဂါဝပ်ရှိတဲ့ နျူကလီးယားစွမ်းအင်စက်ရုံငယ်တွေကို ဆိုဒီယမ်အရည်အသုံးပြုပြီး အအေးခံပေးမှာဖြစ်ပါတယ်။ နည်းပညာမြင့် နျူကလီးယားစက်ရုံငယ်တစ်လုံး တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ တစ်ဘီလျံ ကုန်ကျမယ်လို့ ဆိုပါတယ်။ နျူကလီးယားစွမ်းအင်စက်ရုံငယ်တွေဟာ ဓာတ်အားကွန်ရက်များဆီ လျှပ်စစ်ဓာတ်အား ကောင်းကောင်းပံ့ပိုးပေးနိုင်တဲ့ နေ့အချိန်တွေဆိုရင် ဓာတ်ပေါင်းဖိုကနေ ထွက်တဲ့ စွမ်းအင်ကို ဆားပျော်ရည်ကန်တွေထဲမှာ သိုလှောင်ထားနိုင်မှာဖြစ်ပြီး ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှု တိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်ထားတာပါ။ ရာသီဥတုအခြေအနေကြောင့် ဆိုလာစွမ်းအင်နဲ့ လေစွမ်းအင်နည်းပါးလာတဲ့အခါ သိုလှောင်ထားတဲ့ နျူကလီးယားစွမ်းအင်ကို ထုတ်သုံးမှာပါ။ အရင်တုန်းကလည်း အပူဓာတ် ဆိုလာစွမ်းအင်စက်ရုံတွေမှာ ဆားပျော်ရည်အသုံးပြုပြီး စွမ်းအင်သိုလှောင်တဲ့နည်းကို အသုံးပြုခဲ့ဖူးပေမဲ့ တချို့နေရာတွေမှာတော့ ယိုစိမ့်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ Natrium နျူကလီးယားစွမ်းအင် စက်ရုံငယ်တွေရဲ့ ဒီဇိုင်းကတော့ ဆိုလာစွမ်းအင်စက်ရုံထက် အပူချိန် ပိုတည်ငြိမ်လို့ ထိခိုက်ပျက်စီးမှု နည်းပါးလိမ့်မယ်လို့ လီဗက်ကေးက ဆိုပါတယ်။

နျူကလီးယားစွမ်းအင်ဟာ ကာဗွန်ထုတ်လွှတ်မှုကင်းစင်တဲ့ လျှပ်စစ်ဓာတ်အား ထိပ်တန်းရင်းမြစ်ဖြစ်ပေမဲ့ ကုန်ကျစရိတ်များပြားတာ၊ ဈေးကွက်ထဲမှာ ဆိုလာစွမ်းအင်၊ လေစွမ်းအင်တွေရဲ့ ပြိုင်ဆိုင်မှုအား ပိုကောင်းလာကြောင့် အမေရိကန်နိုင်ငံမှာ နျူကလီးယားစွမ်းအင်စက်ရုံ တော်တော်များများကို ပိတ်ခဲ့ရပါတယ်။ ဒါ့အပြင် အဆင့်မြင့် နျူကလီးယားစွမ်းအင်စက်ရုံငယ်တွေက သမားရိုးကျ နျူကလီးယားစွမ်းအင်စက်ရုံတွေထက် ပိုဈေးကြီးလိမ့်မယ်လို့ ဝေဖန်သူတွေက သတိပေးထားပါတယ်။ နည်းပညာမြင့် နျူကလီးယားစွမ်းအင်စက်ရုံတွေမှာ အသုံးပြုမယ့် ယူရေနီယမ်လောင်စာက သန့်စင်မှုပမာဏ ပိုမြင့်မားပြီး နျူကလီးယားကွဲထွက်စေနိုင်တဲ့ ပစ္စည်းအဖြစ် အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်လို့ တိုက်ခိုက်မှုလုပ်ရာမှာ ပစ်မှတ်တွေ ဖြစ်လာနိုင်တယ်လို့ နျူကလီးယားလက်နက် ထိန်းချုပ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

Ref: Reuters ” Bill Gates’ nuclear venture plans reactor to complement solar, wind power boom”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top