ဆယ်လီနာဂိုမက်နဲ့ BLACKPINK တို့ ပူးပေါင်းတင်ဆက်ထားတဲ့ သီချင်းထွက်ရှိလာ

ent01.jpg

ကမ္ဘာတစ်ဝှမ်းက ပရိသတ်အခိုင်အမာရရှိထားတဲ့ ကိုရီးယားအမျိုးသမီးအဆိုအဖွဲ့ BLACKPINK ဟာ နာမည်ကြီးအဆိုတော် ဆယ်လီနာဂိုမက်နဲ့ သီချင်းတစ်ပုဒ်ကို ပူပေါင်းတင်ဆက်မယ်ဆိုတဲ့ သတင်းက အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ပရိသတ်တွေ စောင့်ဆိုင်းနေခဲ့ကြတဲ့ သူတို့ရဲ့ သီချင်း MV က ဒီကနေ့မှာထွက်ရှိလာခဲ့ပါပြီ။ BLACKPINK နဲ့ ဆယ်လီနာတို့ ပူးပေါင်းတင်ဆက်ခဲ့တဲ့ သီချင်းနာမည်ကတော့ “Ice Cream” ပါတဲ့။ သူတို့တွေရဲ့ “Ice Cream” ကို ပရိသတ်တွေက မြည်းစမ်းကြည့်ရတော့မှာဖြစ်ပါတယ်။

“Ice Cream” သီချင်းက နာမည်လေးအတိုင်းပါပဲ။ ရိုးရိုးရှင်းရှင်းစည်းချက်နဲ့ ပေါ့ပေါ့ပါးပါးသံစဉ်တွေနဲ့ ပေါ့စ်သီချင်းတစ်ပုဒ်ပါ။ သီချင်းစာသားလေးက အပြင်ဘက်ကကြည့်ရင် အေးတဲ့ပုံပေါ်ပေးမယ့် တကယ်တမ်းတော့ ရေခဲမုန့်လို ချိုမြိန်ပါတယ်တဲ့။ ဒီသီချင်းက BLACKPINK အဖွဲ့ရဲ့ ပထမဆုံးသီချင်းအယ်လ်ဘမ်မထွက်ခင် အရင်ဆုံးထွက်ရှိတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

BLACKPINK နဲ့ ဆယ်လီနာတို့ ပူးပေါင်းတင်ဆက်မယ်ဆိုတဲ့ သတင်းက ဇူလိုင်လ ၂၈ ရက်နေ့က ထွက်ရှိခဲ့တာပါ။ အဲဒီတုန်းကတော့ BLACKPINK ရဲ့အေဂျင်စီက သူတို့ရဲ့ပူးပေါင်းမှုကို အတည်ပြုပေးဖို့ ခက်ခဲတယ်လို့ ပြောခဲ့တာပါ။ နောက်ပိုင်းမှာ BLACKPINK နဲ့ ဆယ်လီနာတို့ရဲ့ Ice Cream သီချင်း ပိုစတာတွေ ထွက်လာမှ သေချာသွားတာဖြစ်ပါတယ်။ အရင်ကတော့ BLACKPINK နဲ့ ပူးပေါင်းတင်ဆက်မယ့်အနုပညာရှင်က အာရီယာနာ ဂရန်ဒီ (Ariana Grande) လို့ ခန့်မှန်းပြောဆိုခဲ့ကြပါသေးတယ်။

BLACKPINK အဖွဲ့က ကမ္ဘာထိ ထိုးဖောက်အောင်မြင်နေတဲ့ ကေပေါ့စ်အဖွဲ့ဖြစ်ပါတယ်။ ဇွန်လကထွက်ရှိခဲ့တဲ့ သူတို့ရဲ့ How You Like That သီချင်းကလည်း လူတွေရဲ့ပါးစပ်ဖျားမှာ စွဲနေကြပြီး YouTube မှာ ကြည့်ရှုသူ သန်းချီနေပါပြီ။ BLACKPINK ရဲ့ပထမဆုံးအယ်လ်ဘမ်က အောက်တိုဘာ ၂ ရက်နေ့ထွက်ရှိမှာဖြစ်ပါတယ်။ ဆယ်လီနာနဲ့ ပူးပေါင်းပြီး အခုထွက်ရှိလာတဲ့ “Ice Cream” သီချင်းကိုလည်း ပရိသတ်တွေ ကြိုက်နှစ်သက်ကြမလား၊ YouTube မှာ ကြည့်ရှုသူ သန်းချီမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: BLACKPINK And Selena Gomez Bring Summer Vibes In MV For “Ice Cream” Collaboration

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top