တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ အံ့သြဝမ်းသာစရာဖြစ်ခဲ့ရတဲ့ ဘီလျံနာရဲ့စကားတစ်ခွန်း

robert-f-smith-morehouse-college-commencement-speech.jpg

နည်းပညာနယ်ပယ်က ဘီလျံနာကြီး ရော်ဘတ် အက်ဖ် စမစ် (Robert F. Smith) ဟာ အမေရိကန်နိုင်ငံ၊ အတ္တလန်တာမြို့ “မော်ဟောက်စ် တက္ကသိုလ် – Morehouse College” ရဲ့ ဘဲ့ွနှင်းသဘင်အခမ်းအနားကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တက်ရောက်ခဲ့ပါတယ်။ ဘွဲ့ရကျောင်းသူ ကျောင်းသား အယောက် (၄၀၀) ရဲ့ရှေ့မှောက်မှာ ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားစဉ် ကျောင်းသားတွေရဲ့ အကြွေးတွေကိုဆပ်ပေးမယ်လို့ ထည့်သွင်းပြောကြားခဲ့တာပါ။

တက္ကသိုလ်ရဲ့တရားဝင်တွစ်တာအကောင့်မှာလည်း စမစ်က “ကျွန်တော့်မိသားစုက ကျောင်းသူ ကျောင်းသားတိုင်းရဲ့ အကြွေးတွေကို ဆပ်ပေးဖို့ စီစဉ်နေပါတယ်”လို့ ရေးခဲ့ပါတယ်။ တက္ကသိုလ်ကိုယ်စားလှယ်တစ်ဦးက စမစ်က ဒေါ်လာသန်း (၄၀) လှူဖို့ ပြင်ဆင်ထားကြောင်း၊ သူတို့အနေနဲ့က ကျောင်းသူကျောင်းသားတွေ့ရဲ့ စုစုပေါင်း အကြွေးကို တွက်ချက်ဆဲ ဖြစ်ကြောင်း CBS သတင်းဌာနကိုပြောခဲ့ပါတယ်။

မော်ဟောက်စ်တက္ကသိုလ်ဥက္ကဌ ဒေးဗစ် သောမတ် (David Thomas) က “လူတွေ အံ့သြခဲ့ကြကုန်တာပေါ့ဗျ။ မှတ်တမ်းဗီဒီယိုတွေကို ပြန်ကြည့်တယ်ဆိုရင် ကျောင်းသူ ကျောင်းသားတွေက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်ကြပြီး သူဘာပြောလိုက်တာလဲ၊ ငါထင်သလို သူတကယ်ကြီး ပြောလိုက်တာလားလို့ လိုက်မေးကြတာကို မြင်ရမှာပါ။ ဒါဟာ သူတို့ရဲ့ အိပ်မက်နောက်ကိုလိုက်နိုင်ဖို့ အထောက်အပံ့ပါ” လို့ ပြောပြခဲ့ပါတယ်။

ဘီလီယံနာသူဌေး စမစ်ဟာ နည်းပညာနဲ့ဆိုင်တဲ့ ဆော့ဖ်ဝဲ၊ ဒေတာတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ Vista Equity Partners ကုမ္ပဏီရဲ့တည်ထောင်သူ CEO ဖြစ်ပါတယ်။ သူဟာ မော်ဟောက်တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့ပါတယ်။ သူဟာ ကျောင်းအတွက် ဒေါ်လာ (၁.၅) သန်းကို လှူပြီးသားလည်း ဖြစ်ပါတယ်။ သူဟာ အရှုံးမရှိဘဲ အမြတ်ပဲရနိုင်တဲ့ပညာရေးနယ်ပယ်မှာ အကြီးစားရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်ခဲ့တာပါ။

Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top