စပါးနဲ့ လီဗာပူး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် တက်လှမ်း

57798787_2282078875168685_1079315896981258240_n.jpg

မန်စီးတီးနဲ့ စပါးပွဲစဉ်မှာ မန်စီးတီးက (၄-၃)ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၄-၄)ဖြစ်ခဲ့ပေမဲ့ အဝေးဂိုးစည်းမျဉ်းကြောင့် စပါးအသင်း နောက်တစ်ဆင့် တက်ရောက်ခဲ့ပါတယ်။ (၂၁) မိနစ်အတွင်း (၅) ဂိုးသွင်းခဲ့တဲ့ အခုပွဲစဉ်ဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားမှုပေးစွမ်းနိုင်ခဲ့ပါတယ်။

စတာလင်ရဲ့ အဝေးတိုင်ဘက် ဝေ့ဝိုက်ကန်ချက်ကြောင့် မန်စီးတီး အဖွင့်ဂိုးစရ

ပွဲချိန် (၄) မိနစ်မှာ စတာလင်ရဲ့ အဝေးတိုင်ဘက် ဝေ့ဝိုက်ကန်ချက်ကြောင့် မန်စီးတီး အဖွင့်ဂိုးစရခဲ့ပေမဲ့ (၃) မိနစ်အကြာမှာပဲ လာပေါ်တာရဲ့ပေါ့ဆတဲ့ဘာလုံးရှင်းထုတ်မှုကနေ ဆွန်ဟောင်မင်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ နောက် (၃) မိနစ်အကြာမှာလည်း လာပေါ်တာရဲ့အမှားကနေ အဲရစ်ဆင်ဖန်တီးပေးတာကို ဆွန်ဟောင်မင်က ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

နောက်တစ်မိနစ်အကြာမှာပဲ အဂူရိုရဲ့ဖန်တီးမှုကနေ ဘာနာဒိုဆေးလ်ဗားကန်သွင်းရာမှာ ဒန်နီရို့စ်နဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့လို့ မန်စီးတီး ချေပဂိုးရခဲ့ပါတယ်။ အဲဒီနောက်မှာ မန်စီးတီးက တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် (၂၁) မိနစ်မှာ ဒီဘရိုင်းရဲ့ တိကျသေသပ်တဲ့ ဘောလုံးချိုးပေးမှုကို စတာလင်က ပြေးဝင်ပိတ်သွင်းပြီး မန်စီးတီးအတွက် တတိယဂိုး သွင်းခဲ့တာပါ။ တတိယဂိုးရပြီးတဲ့နောက်မှာ မန်စီးတီးပဲ ကစားကွက်စီးခဲ့ပြီး ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ စပါးဂိုးသမား ဟူဂိုလိုရစ် လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

(၇၃) မိနစ်မှာ မန်စီးတီး ဂိုးပြန်ပေးခဲ့ရပါတယ်

ပွဲချိန် (၅၉) မိနစ်မှာ ဒီဘရိုင်းရဲ့ဖန်တီးမှုကနေ အဂူရိုက ဂိုးသမား ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲ အပြင်းကန်သွင်းပြီး စတုတ္ထဂိုး သွင်းခဲ့ပါတယ်။ မန်စီးတီးဟာ စတုတ္ထဂိုးရပြီးချိန်မှာ အနိုင်ထိန်းကစားဖို့ ဒေးဗစ်ဆေးလ်ဗားကိုထုတ်ပြီး ဖာနန်ဒင်ဟိုကို ထည့်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ (၇၃) မိနစ်မှာ မန်စီးတီး ဂိုးပြန်ပေးခဲ့ရပါတယ်။ ထောင့်ကန်ဘောကနေ လိုရန်တီရဲ့ ပေါင်နဲ့ထိပြီး ဂိုးဝင်ခဲ့တာပါ။ အစောပိုင်းမှာ လက်ထိတယ်လို့ ယူဆရလို့ VAR ပြန်ကြည့်ချိန်မှာ ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

မန်စီးတီးဟာ ဂိုးရဖို့အတွက် ဆာနေးကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ရာမှာ ထပ်ဆောင်းအချိန်ပို (၃) မိနစ်အရောက် ဂိုးရခဲ့ပေမဲ့ စတာလင်သွင်းတဲ့ဂိုးကို VAR နဲ့ ဆုံးဖြတ်ရာမှာ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ မန်စီးတီးအသည်းကွဲခဲ့ရပြီး စပါးအသင်း နောက်တစ်ဆင့်တက်ရောက်သွားခဲ့တာပါ။ စပါးဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အေဂျက်နဲ့တွေ့ဆုံရမှာပါ။ အခုပွဲစဉ်မှာ အဝါကတ်ထိခဲ့တဲ့ ဆွန်ဟောင်မင်ကတော့ အေဂျက်နဲ့ပွဲစဉ် ပထမအကျော့ကို လွဲချော်ရမှာပါ။

စပါးဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်/ဥရောပပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖူးတဲ့ အင်္ဂလန်ရဲ့ (၇) သင်းမြောက် ကလပ်အသင်းဖြစ်လာပါတယ်။

ပေါ်တိုနဲ့ လီဗာပူးပွဲစဉ်မှာ လီဗာပူးက (၁-၄) ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် (၁-၆) ဂိုးနဲ့ နောက်တစ်ဆင့် တက်လှမ်းခဲ့

ပေါ်တိုနဲ့ လီဗာပူးပွဲစဉ်မှာတော့ လီဗာပူးက (၁-၄) ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် (၁-၆) ဂိုးနဲ့ နောက်တစ်ဆင့် တက်လှမ်းခဲ့တာပါ။ လီဗာပူးအတွက် မာနေး၊ ဆာလာ၊ ဖာမီနို၊ ဗန်ဒစ်ခ်တို့ တစ်ဂိုးစီ သွင်းခဲ့ပြီး ပေါ်တိုအတွက် တစ်လုံးတည်းသော ချေပဂိုးကို မီလီတာအိုက သွင်းခဲ့တာပါ။ လီဗာပူးဟာ ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာနဲ့ ကစားရမှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top