ONE Championship တွင် မြန်မာကစားသမားများ ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည့် အကောင်းဆုံး ၅ ပွဲ

1516847678_aung-la-n-sang-img-8958-1200x800-1.jpg

ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသည် မတ်တပ်ရပ် တိုက်ခိုက်မှုနှင့် မြေပြင် အချုပ်အသိမ်း ပညာများ ပေါင်းစပ် ထားခြင်းဖြစ်ပြီး ကစားသမားတိုင်းသည် ယင်းစွမ်းရည် နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။ ONE Championship ကဲ့သို့ ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးတွင် နပမ်း၊ ဂျူဂျစ်ဆု စသည့် ပညာရပ်များ ကျွမ်းကျင်သည့် ကစားသမား အများအပြား ပါဝင်ယှဉ်ပြိုင် နေကြပြီး မြေပြင် ချုပ်ကွက်ဖြင့် ပွဲသိမ်းခဲ့သည့် ပွဲများလည်း အမြောက်အမြားရှိသည်။ ၎င်းတို့ အနက်မှ မြန်မာ ကစားသမားများ၏ ချုပ်ကွက်ဖြင့် အနိုင်ယူ ခဲ့ဖူးသည့် ပွဲများအကြောင်း စုစည်းတင်ပြ လိုက်ရပါသည်။

(၁) အောင်လအန်ဆန်နှင့် Mohamed Ali

ပြိုင်ဘက်ကို မရုန်းထွက်နိုင်အောင် အချုပ်အသိမ်း ကျွမ်းကျင်ပိုင်နိုင်သဖြင့် “မြန်မာစပါးအုံး” ဟုပင် ခေါ်ကြသည့် အောင်လ အန်ဆန်သည် ၎င်း၏နိုင်ပွဲ တစ်ဝက်ခန့်ကို မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် ONE Championship ပြိုင်ပွဲတွင်လည်း နိုင်ပွဲ ၁ဝ ပွဲ ရရှိခဲ့သည့်အနက် ၃ ပွဲကို ချုပ်ကွက်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ယင်းနိုင်ပွဲ ၃ ပွဲထဲမှ ပထမဆုံးပွဲ ဖြစ်သည့် အီဂျစ်ကစားသမား Mohamed “Flex” Ali နှင့် ပွဲသည် ONE Championship ၏ အကောင်းဆုံး မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူမှုများ စာရင်းတွင် ပါဝင်သည်။ အောင်လအန်ဆန်သည် အီဂျစ် Kickboxing ချန်ပီယံဟောင်းကို ပွဲချိန် ၃ မိနစ် မပြည့်မီတွင်ပင် အနိုင်ယူခဲ့ခြင်း လည်းဖြစ်သည်။ ယင်းပွဲတွင် Kickboxing သမားဖြစ်သည့် Ali သည် ပွဲအစ တစ်မိနစ်ခွဲခန့်ကို ၎င်းပိုင်နိုင်သည့် မတ်တပ်ရပ် တိုက်ခိုက်မှုဖြင့် အောင်လ အန်ဆန်အား ဖိအားပေး ခြိမ်းခြောက်ခဲ့သည်။ အောင်လအန်ဆန် ကလည်း Ali ကို ပိုင်ပိုင်နိုင်နိုင် ချုပ်နိုင်မည့် အခွင့်အရေးကို စောင့်နေရာမှ တစ်မိနစ်ခွဲ ကျော်ကျော်တွင် ကြိုးဝိုင်းထောင့် ပိတ်ပြီး ချုပ်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ခွန်အား သန်မာသည့် Ali ကို လွယ်လွယ်ကူကူ ချုပ်မရခဲ့ဘဲ အပေါ်စီးမှ တကျော့ပြန် ချုပ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ အောင်လအန်ဆန်၏ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု ကြောင့်သာ Ali အသာစီး မရခဲ့သဖြင့် မတ်တပ်ရပ် တိုက်ခိုက်မှု ပုံစံ ပြန်ပြောင်းကာ ရင်ဆိုင်ခဲ့သည်။ ထိုအချိန်တွင် Ali က အမှားတစ်ခု ပြုလုပ်မိခဲ့ပြီး အောင်လအန်ဆန်ကို ခြေတစ်ဘက် ဆွဲကာ ချုပ်ရန် ကြိုးစားချိန်တွင် ၎င်း၏လည်ပင်းကို အကာအကွယ်မဲ့စေ မိခဲ့သည်။ အတွေ့အကြုံ များသည့် အောင်လအန်ဆန်က ယင်းဟာကွက်ကို ချက်ချင်းမြင်ကာ လက်မောင်းဖြင့် ညှပ်ချုပ်ပြီး ဆွဲလှဲချသဖြင့် မရုန်းနိုင် တော့ဘဲ ၂ မိနစ်နှင့် ၃၈ စက္ကန့်တွင် အရှုံးပေး ခဲ့ရသည်။

(၂) စောဒါဝိတ်နှင့် စစ်မှန်

မတ်တပ်ရပ် တိုက်ခိုက်မှုကိုသာ အသားပေးသည့် မြန်မာ့ရိုးရာ လက်ဝှေ့သမား များထဲတွင် ရှားရှားပါးပါး ချုပ်ကွက်ဖြင့် အနိုင်ရဖူးသည့် ကစားသမား နှစ်ဦးသာ ရှိသည့်အနက် စောဒါဝိတ်နှင့် စစ်မှန်တို့ ပွဲသည် အကောင်းဆုံး ပွဲဟု ဆိုနိုင်သည့် ပွဲဖြစ်သည်။ မြန်မာ့လက်ဝှေ့ လောကတွင် နာမည်ထင်ရှားသူ စောဒါဝိတ်သည် ၎င်းထက် အရပ်အမောင်း အားသာသော လူငယ် ကစားသမား စစ်မှန်ကို ရင်ဆိုင်ရာတွင် လက်သီးဖြင့် သက်သက် မဟုတ်ဘဲ အချုပ်အသိမ်း ပညာကိုပါ အသုံးပြုကာ ၄၁ စက္ကန့်ဖြင့် အနိုင်ယူခဲ့သည်ကို တွေ့ရသည်။ ယင်းပွဲသည် ONE Championship တွင် ၎င်း၏ တစ်ပွဲတည်းသော နိုင်ပွဲလည်း ဖြစ်သည်။စောဒါဝိတ်နှင့် စစ်မှန်သည် ပွဲစကတည်းက အပြိုင်အဆိုင် တိုက်စစ်ဖွင့် ကစားခဲ့ကြခြင်း ဖြစ်ပြီး ခြေဆံလက်ဆံ ကောင်းသည့် စစ်မှန်ကို ထိထိမိမိ ထိုးနှက်နိုင်ရန် စောဒါဝိတ်က အနီးကပ် အတင်းဝင်လုံး ခဲ့ရသည်။ အတင်းဝင်လာသည့် စောဒါဝိတ်ကို စစ်မှန်က လည်ပင်း သိုင်းချုပ်ပြီး ဆွဲလှဲချရန် ကြိုးပမ်းခဲ့သော်လည်း အားသန်သည့် စောဒါဝိတ်ကလည်း အလွယ်တကူ လဲကျမသွားခဲ့ပေ။ လုံးရင်းထွေးရင်း စက္ကန့် ၃ဝ ခန့် အရောက်တွင် လူချင်းတစ်ချက် ပြန်ကွာသွား သည်ကို အခွင့်ကောင်း ယူကာ စစ်မှန်က ပတ်တံတောင် ရိုက်ချက်ဖြင့် တိုက်ခိုက်ခဲ့သည်။ သို့သော် ယင်းသို့ပြုလုပ် လိုက်ခြင်းက စောဒါဝိတ်ကို ကျောပေးလိုက် သကဲ့သို့ ဖြစ်သွားသဖြင့် စောဒါဝိတ်က အခွင့်ကောင်းကို လက်လွတ်မခံဘဲ လည်ပင်းကို နောက်မှသိုင်းဖက် ချုပ်ထားခဲ့သည်။ ယင်းချုပ်ကွက်ကို စစ်မှန် ပြန်မရုန်း နိုင်တော့ သောကြောင့် စောဒါဝိတ် အနိုင်ရခဲ့သည်။

(၃) စောမင်းမင်းနှင့် ရွှေကျောင်းသား

ရိုးရာလက်ဝှေ့မှ မျိုးဆက်သစ် လူငယ် ကစားသမား နှစ်ဦးဖြစ်သည့် စောမင်းမင်းနှင့် ရွှေကျောင်းသားတို့ ONE Championship ဖလိုင်းဝိတ်တန်း မြန်မာ တံခွန်စိုက်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ရင်ဆိုင်ခဲ့သည့် ပွဲကလည်း ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ထိုစဉ်က အသက် ၁၈ နှစ်နှင့် ၁၉ နှစ်သာ ရှိသေးသည့် ကစားသမား နှစ်ဦးသည် ငယ်ဂုဏ်နှင့် သက်လုံ အကောင်းဆုံး အချိန် ဖြစ်သဖြင့် သံဇကာ ကြိုးဝိုင်း အတွင်း သူတစ်ပြန် ကိုယ်တပြန် အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ကြသည်။ စောမင်းမင်းသည် ယင်းပွဲ မတိုင်မီက ကျားဘဟိန်းနှင့် တစ်ပွဲ ကစားထားပြီး ဖြစ်ရာ ယင်းညအတွက် ဒုတိယပွဲ အဖြစ် ကစားခဲ့ရခြင်း ဖြစ်သည်။ကစားသမား နှစ်ဦးသည် ပွဲအစ စက္ကန့် ၂ဝ ကျော်ကို လက်သီးနှင့် ခြေကန်ချက် များဖြင့်သာ အားစမ်းနေခဲ့ သော်လည်း ရုတ်တရက် လူချင်း ပူးမိသွား သဖြင့် တစ်ဦးကိုတစ်ဦး လှဲချနိုင်ရန် ကြိုးပမ်းခဲ့သည်။ ကြမ်းပေါ်သို့ စောမင်းမင်းက ကျောဖြင့် ကျခဲ့သော်လည်း လက်မောင်းကြားတွင် ရွှေကျောင်းသား၏ လည်ပင်းကို ညှပ်ထားနိုင်ခဲ့ သဖြင့် လွှတ်မပေးဘဲ ပိုင်ပိုင်နိုင်နိုင် ချုပ်နိုင်ရန် ကြိုးစားခဲ့သည်။ လဲရာမှ မတ်တပ် အနေအထား အထိ ပြန်ရောက် သွားသည့်တိုင် ရွှေကျောင်းသား၏ ဦးခေါင်းမှာ စောမင်းမင်း ထံမှ လွတ်ထွက် မသွားခဲ့ဘဲ တောက်လျှောက် ညှပ်ခံထား ရသည်။ ပွဲချိန် ၁ မိနစ် ၄၃ စက္ကန့်တွင်တော့ မည်သို့မျှ ခေါင်းကို ရုန်းမရ တော့သည့် ရွှေကျောင်းသား အရှုံးပေးလိုက် သဖြင့် စောမင်းမင်း အနိုင်ရခဲ့ခြင်း ဖြစ်သည်။

(၄) ပုညစိုင်းနှင့် စိုင်းဉာဏ်လင်း

အသက် ၂ဝ သာ ရှိသေးသူ ပုညစိုင်းသည် ၎င်း၏ပွဲဦးထွက် ONE Warrior Series ပွဲတွင် တစ်နိုင်ငံတည်းသား စိုင်းဉာဏ်လင်းကို မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သူ ဖြစ်သည်။ နယူးဇီလန်တွင် နေထိုင်ခဲ့စဉ် ကတည်းက အနောက်တိုင်း လက်ဝှေ့ ပညာကိုသာ အမှန်တကယ်တမ်း စိတ်ဝင်တစား လေ့လာသင်ယူ ခဲ့သူ ပုညစိုင်းသည် ဒုတိယမြောက် ပွဲတွင်ပြိုင်ဘက်ကို ၁၄ စက္ကန့် အတွင်း အလဲထိုး အနိုင်ယူခဲ့ ဖူးသူလည်း ဖြစ်သည်။ ပုညစိုင်းသည် မြေပြင် အချုပ်အသိမ်းနှင့် နပမ်းပညာရပ် များကို အင်ဒိုနီးရှား နိုင်ငံမှ Bali MMA တွင် ဦးစားပေး လေ့ကျင့်ခဲ့သည်။ စိုင်းဉာဏ်လင်းမှာမူ ကရာတေး ကစားသမား ဘဝမှ ရောက်လာသူ ဖြစ်ပြီး ထိုစဉ်က ပုညစိုင်း၏ မြေပြင် အချုပ်စွမ်းရည်ကို လျှော့တွက်မိ သဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
ONE Warrior Series 2 တွင် ထည့်သွင်း ကျင်းပခဲ့သည့် အဆိုပါ တွဲဆိုင်းတွင် ကစားသမား နှစ်ဦးသည် ပွဲအစပိုင်း မတ်တပ်ရပ် တိုက်ခိုက်မှုဖြင့် အပြန်အလှန် တိုက်စစ်ဆင် ကစားနေရင်းက လူကောင် ပိုကြီးသည့် စိုင်းဉာဏ်လင်းက ပုညစိုင်းကို မြေပြင်ချုပ်ကွက်ဖြင့် ဖိအားပေးရန် ကြိုးစားခဲ့သည်။ အစောပိုင်းကတွင် စိုင်းဉာဏ်လင်းကပင် အပေါ်စီးမှ ဖိကာ အသာစီး ရခဲ့ခြင်းဖြစ်သည်။ သို့သော် နည်းစနစ်ပိုင်း အားသာသည့် ပုညစိုင်းက ပြန်လည် တွန်းလှန်ခဲ့ပြီးမှ အခြေအနေကို ပြောင်းပြန် ဖြစ်အောင် ဖန်တီးခဲ့သည်။ တကျော့ပြန် အသာစီး ရသွားသည့် ပုညစိုင်းက စိုင်းဉာဏ်လင်း၏ လည်ပင်း သိုင်းချုပ်ကာ ဖိအားပေးသည့် ချုပ်ကွက်ကို စိုင်းဉာဏ်လင်း မည်သို့မျှ တောင့်မခံနိုင်သည့် အတွက် အရှုံးပေး ခဲ့ရခြင်း ဖြစ်သည်။

(၅) စိုင်းဉာဏ်လင်းနှင့် Matt Korro

မြန်မာ့ လက်ရွေးစင် ကရာတေး ကစားသမားဟောင်း စိုင်းဉာဏ်လင်း သည် ONE Warrior Series 7 ပြိုင်ပွဲတွင် မလေးရှား မွေထိုင်း ကစားသမား Matt Korro ကို ၎င်း၏ အမှတ်အသား ချုပ်ကွက် ဖြစ်လာသည့် တြိဂံချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ခြင်း ကလည်း အကောင်းဆုံး ချုပ်ကွက် တစ်ခုဖြစ်သည်။ တြိဂံချုပ်ကွက်ဖြင့် ရှေ့တစ်ပွဲတွင် ပြိုင်ဘက်ကို အနိုင်ယူခဲ့သည့် စိုင်းဉာဏ်လင်းသည် ယခုပွဲတွင်လည်း တြိဂံ ချုပ်ကွက်ဖြင့်ပသ် နောက်တစ်ကြိမ် အနိုင်ယူခဲ့သည်။ မွေထိုင်း ကစားသမား Korro သည် မတ်တပ်ရပ် တိုက်ခိုက်မှုတွင်လည်း စိုင်းဉာဏ်လင်းကို အသာမရခဲ့ဘဲ ၎င်း၏ လက်သီး၊ တံတောင်နှင့် ခြေကန်ချက်များကို Korro အသည်းအသန် ခုခံခဲ့ရသည်။
ပွဲချိန် တစ်မိနစ် ကျော်ကျော် အရောက်တွင် စိုင်းဉာဏ်လင်းက ပြိုင်ဘက်ကို ကြမ်းပြင်ပေါ် လှဲချကာ မြေပြင်ချုပ်ကွက်ဖြင့် စတင် ဖိအားပေး ခဲ့သည်။ Korro က တစ်ကြိမ်ပြန်ထ နိုင်ခဲ့သေး သော်လည်း စိုင်းဉာဏ်လင်းက ထပ်မံ လှဲချနိုင်ခဲ့သည်။ တကယ်တမ်းတွင် Korro သည် စိုင်းဉာဏ်လင်းကို ရင်ဆိုင်နိုင်သည့် မြေပြင်အချုပ် စွမ်းရည်မရှိ သဖြင့် ရုန်းထွက်ပြီး လူချင်းခွာရန် ကြံစည်ခဲ့သည်။ သို့သော်လည်း သန်မာစွာ ချုပ်ထားသည့် စိုင်းဉာဏ်လင်းကြောင့် မရုန်းနိုင်တော့ဘဲ နောက်ဆုံးတွင် စိုင်းဉာဏ်လင်း၏ တြိဂံ ချုပ်ကွက်တွင် အရှုံးပေး ခဲ့ခြင်း ဖြစ်သည်။

ONE: CENTURY သည် သမိုင်းတစ်လျှောက်အထူးခြားဆုံး ကိုယ်ခံပညာအားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးဖြစ်ပြီး ကိုယ်ခံပညာအားက စားအသီးသီးမှ ကမ္ဘာ့ချန်ပီယံပေါင်း ၂၈ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ နှစ်ပွဲကို တစ်ရက် တည်းကျင်းပသည်ဟူ၍ မရှိဖူးသေးပါ။
ONE Championship သည် ကမ္ဘာ့ချန်ပီယံဘွဲ့ပြိုင်ပွဲပေါင်းစုံကို တစ်ရက်တည်း၌ ကျင်းပယှဉ်ပြိုင်စေခြင်းဖြင့် နယ်ပယ်အသစ်တစ်ခုကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁၃ရက်၌ ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံ တွင် ကမ္ဘာ့ဂရင်းပရီချန်ပီယံရှစ်ဗိုလ်လုပွဲသုံးပွဲ၊ ကမ္ဘာ့ချန်ပီယံချင်းယှဉ်ပြိုင်မည့်ပွဲများစွာပါဝင် ကျင်းပသွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top