ဘုရားပေးတဲ့ အခွင့်အရေး

8-7-2020-yyl-020.jpg

တစ်ခါက မြစ်တစ်ခုအနားမှာ ရွာငယ်လေးတစ်ရွာရှိပါတယ်။ အဲဒီရွာမှာနေတဲ့ လူတိုင်းဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြပြီး ရွာကဘုရားကျောင်းမှာ ပုံမှန်ဆုတောင်းမှုပြုလေ့ရှိကြပါတယ်။ တစ်ခုသောမုတ်သုံရာသီကို ရောက်လာတဲ့အခါ

မိုးအရမ်းရွာပြီး မြစ်ရေကြီးလာပြီး ရွာကိုတဖြည်းဖြည်း ရေလွှမ်းလာခဲ့ပါတယ်။ ရွာသားတွေဟာ အိမ်ကနေထွက်ပြီး လုံခြုံတဲ့နေရာကို ပြောင်းကြရပါတော့တယ်။

အဲဒီအချိန် လူတစ်ယောက်ကတော့ ဘုရားကျောင်းကိုပြေးပြီး ခရစ်ယာန်ဘုန်းတော်ကြီးရဲ့အခန်းကို သွားကာ ‘မြစ်ရေတွေ ကျွန်တော်တို့အိမ်ထဲကို ဝင်ကုန်ပြီ… မြစ်ရေက မြန်မြန်တက်လာတာ… ဘုရားကျောင်းထဲကိုလည်း ရေဝင်လာတော့မယ်.. ကျွန်တော်တို့မြန်မြန် သွားမှဖြစ်မယ်… လူတွေအားလုံးလည်း လုံခြုံတဲ့နေရာကိုသွားကြပြီ… မြန်မြန်လိုက်ခဲ့ပါ’ လို့ပြောပါတယ်။ ဘုန်းကြီးက ‘ ငါဟာ သင်တို့လို ဘုရားတရား ကင်းမဲ့သူ မဟုတ်ဘူး။ ငါဟာဘုရားကို အပြည့်အဝ ယုံကြည်တယ်။ ဘုရားဟာ တို့ကို လာကယ်မယ်လို့ ယုံကြည်တယ်။ ငါ ဘုရားကျောင်းကနေ သွားမှာမဟုတ်ဘူး။ သင်တို့ပဲသွားပါ’ လို့ ပြန်ပြောခဲ့ပါတယ်။ ဒါကြောင့် လာပြောတဲ့လူလည်း ဘယ်လိုမှ ပြောမရတဲ့အဆုံးမှာ ထွက်သွားပါတော့တယ်။

သိပ်မကြာခင်မှာ ရေတက်လာပြီး ဘုန်းကြီးရဲ့ခါးလောက်ကို ရောက်လာတော့ သူက ခုံပေါ်ကိုတက်ပါတယ်။ မိနစ်အနည်းငယ်အကြာမှာတော့ လူတစ်ယောက်ဟာ ဘုန်းကြီးကိုကယ်ဖို့ လှေတစ်စီးနဲ့ရောက်လာပြန်ပါတယ်။ ‘ကျွန်တော့ကို ရွာသားတွေက ဘုန်းကြီးတော့ ဘုရားကျောင်းထဲမှာရှိနေသေးတယ်ဆိုလို့ လာကယ်တာ…လှေပေါ်မြန်မြန်တက်ပါ’ လို့ ပြောတယ်။ ဘုန်းကြီးက ထွက်မသွားဘူးဆိုပြီး အရင်အတိုင်း အကြောင်းပြချက်ပေးပါတယ်။ ဒီတော့ လှေသမားလည်း ထွက်သွားပြန်ပါတယ်။

ရေက ပိုတက်လာပြီး မျက်နှာကျက်အထိ ရောက်လာတယ်။ ဘုန်းကြီးက ဘုရားလာကယ်ပါစေလို့ ဆုတောင်းရင်း ဘုရားကျောင်းထိပ်အထိ တက်တယ်။ ခဏကြာတော့ ဟယ်လီကော်ပတာတစ်စင်းရောက်လာပြီး ကြိုးလှေကာချပေးပြီး တက်ခဲ့ဖို့ပြောပါတယ်။ ဒါပေမဲ့ ဘုန်းကြီးက မလိုက်ဘူးလို့ ပြောနေတုန်းပါပဲ။ ဟယ်လီကော်ပတာကလည်း တခြားလူတွေကို ရှာဖွေကယ်ဆယ်ဖို့ ဆက်လက်ထွက်သွားပါတယ်။

နောက်ဆုံးမှာ ဘုရားကျောင်းတစ်ခုလုံး ရေအောက်မြုပ်ဖို့ ဖြစ်လာတဲ့အခါမှာတော့ ဘုန်းကြီးက ဘုရားကို စောဒကတက်ပါတော့တယ် ‘အို ဘုရားသခင်… ကျွန်ုပ်တစ်ဘဝလုံး သင့်ကို ယုံကြည်ကိုးကွယ်ခဲ့ပါတယ်။ ကျွန်ုပ်ကို ဘာကြောင့်များ လာမကယ်တင်တာလဲ ရေရွတ်နေချိန် ဘုရားသခင်ပေါ်လာပြီး ‘သင့်ကို သုံးကြိမ်လာကယ်ခဲ့တယ်လေ…” လို့ ပြောလိုက်ပါတယ်။ ဒီအခါမှာ ဘုန်းကြီးက သူ့အမှားကို သဘောပေါက်ပြီးတော့ အပြစ်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီလိုပဲ အခွင့်အရေးဆိုတာက ကိုယ်သတိမမူမိချိန်မျိုးမှာ ရောက်လာတတ်ပါတယ်။ ဘဝမှာအောင်မြင်ဖို့အတွက် ဘာအခွင့်အရေးကိုမှ မပေးတာတော့ မဟုတ်ပါဘူး။ ကိုယ်ရလာတဲ့အခွင့်အရေးတိုင်းကို အသုံးချပြီး ပိုကောင်းတဲ့ဘဝကို ဖန်တီးဖို့ကသာ အဓိကကျတာ ဖြစ်ပါတယ်…။

Ref: www.moralstories.org ” The way god helps”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top