မပျောက်တဲ့ဖိနပ်ကို လိုက်ရှာကြရလိမ့်မယ်

8-6-2020-yyl-042.jpg

သူဟာ မည်သည့်နေ့က မည်သည့်နေရာမှာ မည်သည့်အတွက်ကြောင့် သေဆုံးခဲ့ရတယ်ဆိုတာကို ယခုအထိ မည်သူမျှ အတိအကျ မပြောနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ပြောနိုင်တာကတော့ သူ သေဆုံးသွားပြီဆိုတာပါပဲ။ ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာပဲ သေဆုံးသွားခဲ့ပြီလို့ သတ်မှတ်ထားကြပါတယ်။ အဲဒီလို အခိုင်အမာ ယူဆလို့ရမယ့် သတင်းကို ရပြီးလို့လည်း ဖြစ်ပါလိမ့်မယ်။ သူကွယ်လွန်ခြင်း အထိမ်းအမှတ် စာအုပ်များကိုလည်း ထုတ်ဝေနေပါပြီ။

သူဟာ ငယ်စဉ်တုန်းက ဇာတ်ဆရာ ဖြစ်ချင်ခဲ့တာပါ။ အဲဒါကြောင့်လားမသိဘူး သူ့ဘဝဇာတ်ခုံပေါ်မှာ ကပြခဲ့ရတဲ့ ဇာတ်ခန်းတွေက စုံလွန်းလှပါတယ်။ သူဟာ မီးရထားဘူတာဝန်ထမ်းလည်း ဖြစ်ခဲ့တယ်။ စာရေး ဆရာလည်း ဖြစ်ခဲ့တယ်။ လက်နက်ကိုင်တော်လှန်ရေးသမားလည်း ဖြစ်ခဲ့တယ်။ ဘုန်းကြီးလည်း ဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ စိတ်ဝေဒနာခံစားနေရသူလည်း ဖြစ်ခဲ့ပါတယ်။ ဒီစိတ်ဝေဒနာနဲ့အတူပဲ သေဆုံးသွားခဲ့တာလို့ ဆိုနိုင် ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဆရာငြိမ်းဝေက သူနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့အချိန်တွေကို မှတ်တမ်းတင် ထားတဲ့ စာတွေထဲမှာ ‘‘ထိုင်းနိုင်ငံနယ်စပ် တောအုပ်များ၏အလယ်တွင် စိတ်ဝေဒနာခံစားနေရသူ ‘သူ့’ ကို နားလည်ခွင့်လွှတ်ကာ ကူညီဖေးမပေးနိုင် မည့်သူ တစ်ဦးမျှ မရှိနိုင်’’ဟု လည်းကောင်း၊ ‘‘သူက ထိုင်း-မြန်မာနယ်စပ် တောအုပ်တစ်ခုအတွင်း သေဆုံးခဲ့ရပြီး ကျွန်တော်ကမူ ဥရောပမဲဇာတွင် သောင်တင်လျက်ရှိသည်’’ဟု လည်းကောင်း ရေးသားထားခြင်းကြောင့် ဖြစ်ပါတယ်။

အခု ကျွန်တော်ပြောနေတဲ့ ‘‘သူ’’ဟာ ဒီစာအုပ်ကိုရေးတဲ့ ဆရာနိုင်ဝင်းဆွေပဲ ဖြစ်ပါတယ်။ အနုပညာသမား တွေဟာ ယေဘုယျအားဖြင့် သူများတွေထက်စာရင် ခံစားမှုအား ကောင်းကြပါတယ်။ ခံစားမှုအား ပြင်းတာနဲ့ ခံစားမှုအား မပြင်းတာပဲ ကွာပါလိမ့်မယ်။ ဆရာနိုင်ဝင်းဆွေကတော့ ခံစားမှုအား ပြင်းထန်တဲ့သူတစ်ယောက်လို့ ကျွန်တော် ယူဆပါတယ်။

ဘာဖြစ်လို့လဲဆိုတာကတော့ ဒီစာအုပ်ကို ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ ဒီဝတ္ထုရှည် စာအုပ်ရဲ့ ရှေ့ဆုံးမှာ ဆရာနိုင်ဝင်းဆွေရဲ့ ဝန်ခံချက် ပါပါတယ်။ အဲဒီမှာ ‘‘ဤဝတ္ထုမှာ ကျွန်တော်ကျင်လည်ခဲ့သော ဘဝကို ပြန်ရေးခြင်း ဖြစ်ပါ၏’’ဆိုပြီး ပါပါတယ်။ ဒီဝန်ခံချက်ကို ကြည့်ရင် ဒီစာအုပ်ဟာ သူ့ဘဝရဲ့ ကွက်ကျား ဖြစ်စဉ် ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။ အဲဒီ သူ့ဘဝရဲ့ ကွက်ကျားဖြစ်စဉ်က သူ့ခံစားချက်ကို ပြောပြပါ လိမ့်မယ်။

ဆရာနိုင်ဝင်းဆွေဟာ ဘဝသရုပ်ဖော်စာပေတွေနဲ့ ကျော်ကြားခဲ့တဲ့ စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ ဒီစာအုပ်ဟာလည်း သူရဲ့ဘဝသရုပ်ဖော်စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် ဝန်းကျင်ကာလက ခေတ်နဲ့ စနစ်ကို အခြေခံပြီး တောင်တွင်းကြီးနဲ့ ကျောက်ပန်းတောင်းမြို့ကို ပြေးဆွဲနေတဲ့ ရထားပေါ်မှာ ဖြစ်ပျက် နေတဲ့ မှောင်ခိုဘ၀တွေကို သူ့ရဲ့ အနုပညာနဲ့ ဖွဲ့နွဲ့ပုံဖော်ထားပါတယ်။ ဆရာကြီးဒဂုန်တာရာကလည်း ဒီစာအုပ်ရဲ့ အမှာစာမှာ ‘‘ယခုဝတ္ထုအတွက် ပြောစရာ သိပ်မရှိလှပါ။ သူ့ဝတ္ထုကိုယ်တိုင်ကပင်လျှင် သူ့ခေတ်၏ ပြည်သူ့ အစီရင်ခံစာတစ်ရပ်ကို တင်သွင်းထားပါသည်’’လို့ ရေးသားထားပါတယ်။

ဒီဝတ္ထုအစမှာ

‘‘၁၉၆၄ …..နှင်းထုကြီး ပိတ်ဆို့မှောင်ပိန်းနေသော နံနက်များ၌ ရထားကြီးသည် ဘူတာရုံရှေ့မှ ထွက်ခွာရန် ကြောက်ရွံ့ တုန်လှုပ်နေသည်။ မထွက်ခွာ၍လည်း မဖြစ်။ သူသည် မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး တညည်းညည်း တညူညူဖြင့် ထွက်ခွာရတော့သည်’’ ဆိုတဲ့ အရေးအဖွဲ့လေးနဲ့ ဖွင့်ထားပါတယ်။

စာဖတ်သူများလည်း ရထားကြီးနဲ့အတူ ထွက်ခွာကြည့်လိုက်ပါ။ ရထားကြီးက ဈာန်ဝင်ဆေးလေးတိုက်ပြီး ခေါ်သွားပါလိမ့်မယ်။ ဘယ်အထိခေါ်သွားမလဲဆိုရင် စာအုပ်ဆုံးတဲ့အထိ ခေါ်သွားပါလိမ့်မယ်။

၁၉၆၄ ခုနှစ် ဝန်းကျင်ကာလမှာ လူတန်းစားတစ်ရပ်ရဲ့ ရထားပေါ်က ဘဝတွေက မလွယ်ကူလှပါဘူး။ အဲဒီလို မလွယ်ကူတဲ့ကြားထဲကပဲ မိမိတို့ရဲ့ တစ်ဝမ်းတစ်ခါးအတွက် ထန်းလျက်၊ ဆီ၊ ဆား၊ ကြက်သွန်၊ လက်ဖက် ခြောက်၊ ငရုတ်သီး၊ နနွင်းမှုန့် စတဲ့ တားမြစ်ကုန်တွေကို မှောင်ခိုလုပ်ကိုင်စားသောက်ကြရပါတယ်။

ဒါတွေကို ရထားပေါ်က မှောင်ခိုသမားတွေကို ဖမ်းရတဲ့ ရထားလိုက်ဘူတာစာရေးလေး ကိုရင်မောင်က ကိုယ်ချင်းစာပါတယ်။ အဲဒီလို ကိုယ်ချင်းစာမိတဲ့အခါ ‘‘ရထားကြီးပေါ်တွင် ကျောက်ပန်းတောင်းမှ မှောင်ခိုထန်းလျက်များတင်ရန် လိုက်ပါလာခဲသော၊ ကျွန်တော် ငြင်းဆန်မရအောင် မျက်နှာနာနေသော မှောင်ခိုသမားများ ပါလာနေသည်။ သူတို့ကို ကျွန်တော် မဖမ်းဆီးရက် တော့သည့်အကြောင်းအရင်းကို ရှာဖွေနေမိပြန်သည်။ သူတို့ပါလာသဖြင့် ကျွန်တော်သည် အလုပ်ပြုတ်သွား နိုင်သည်’’လို့ ကိုရင်အောင် ညည်းပါတော့တယ်။

သူ့ရဲ့ တာဝန်နဲ့ စာနာစိတ်ကြားထဲမှာ ဘယ်လိုဖြတ်သန်းမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ ဒီလိုနဲ့ပဲ ကိုရင်မောင်နဲ့ ကုန်စိမ်းရောင်းသူလေး ညိုညိုတို့ရဲ့ ချစ်ခြင်းမေတ္တာဖွဲ့လေးကလည်း အဓိကနေရာ ကနေ ပါလာပြန်ပါတယ်။ ညိုညိုဟာ ဖခင်မျက်မမြင်ကြီးနဲ့ မိခင်လူမမာကြီးကို ကုန်စိမ်းရောင်းချပြီး လုပ်ကိုင် ကျွေးမွေးနေတဲ့သူ ဖြစ်ပါတယ်။ သူဟာ ရထားလက်မှတ်ကိုလည်း ဝယ်မစီးနိုင်ပါဘူး။ ကုန်ပစ္စည်းတွေကိုလည်း တန်ဆာမလုပ်နိုင်ပါဘူး။ အဲဒီလို မစီးနိုင်၊ မလုပ်နိုင်ခြင်းကပဲ ကိုရင်မောင်နဲ့ ညိုညိုကို ဆုံပေးလိုက်ပါတယ်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှ သွားကြပါပြီ။

ကိုရင်မောင် အကြောက်ဆုံးက ညိုညိုတစ်ယောက် ထန်းလျက်မှောင်ခိုကူးမှာကို အကြောက်ဆုံးပါပဲ။ ကိုရင်မောင်က ကြောက်သလို ညိုညိုကလည်း ‘‘သူများကတော့လေ . . သိလား၊ ဘယ်တော့မှ ထန်းလျက် မတင်ဘူး၊ ငတ်သေပါစေ’’လို့ ကတိစကားဆိုပါတယ်။ သူတို့တွေက ထန်းလျက်မှောင်ခိုကူးတာကို ဘာဖြစ်လို့ ဒီလောက် ကြောက်နေကြတာလဲ၊ ဘာဖြစ်လို့ အသည်းအသန်ဖြစ်နေကြတာလဲဆိုတာကတော့ ဆက်ဖက်ကြည့်မှ အရသာ ရှိပါလိမ့်မယ်။

သေချာတာတစ်ခုကတော့ ထန်းလျက်တွေ မိသွားမှာကို ကြောက်တာတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုနဲ့ ကိုရင်မောင်တစ်ယောက် အဖေဆုံးလို့ ခွင့် ၁၅ ရက်ယူသွားတဲ့အချိန်မှာ ညိုညိုရဲ့ဘဝက ပြောင်းလဲ သွားခဲ့ပါပြီ။ ရထားပေါ်က ဘဝတွေဟာ အလွန်ရှုပ်ထွေးပါတယ်။ ရထားပေါ်မှာ လွမ်းရေးထက် ဝမ်းရေးခက်တဲ့ သူတွေ၊ မှောင်ခိုသမားတွေ၊ ရဲတွေ၊ ရထားဝန်ထမ်းတွေ၊ ဂါတ်ဗိုလ်တွေ၊ အညှီနံ့တွေ၊ မုဆိုးတွေ၊ ရွံရှာဖွယ်ရာတွေ၊ ပျက်စီးမှုတွေ၊ စာရိတ္တပျက်ပြားနေမှုတွေ အင်မတန်ရှုပ်ရှက်ခတ်နေတာပါ။ ဘာပဲပြောပြော ညိုညိုတစ်ယောက် ပြောင်းလဲသွားခဲ့ပါပြီ။ အဲဒီအပြောင်းအလဲကပဲ ဝတ္ထုရဲ့အဆုံးကို ခေါ်သွားပါလိမ့်မယ်။

ဟော . . . အခု ဝတ္ထုရဲ့ အဆုံးကို ရောက်ပြီ။

‘‘မသိန်းရှင်’’ ‘‘မသိန်းရှင်’’ ‘‘မိန်းကလေးရဲ့ နာမည်ကို မေးနေတယ်’’ ‘‘ရေပေးပါ . . . ရေပေးပါ . . . မသိန်းရှင် . . . မသိန်းရှင်’’‘ ‘မိန်းကလေးနာမည် မသိန်းရှင်လား’’ ‘‘မသိန်းရှင် . . . မသိန်းရှင်’’စခန်းမှူးသည် ညိုညို၏နာမည်ကို ‘‘မသိန်းရှင်’’ဟု ရေးခြစ်နေသည်။ ‘‘မိန်းကလေးရဲ့ ဖအေနာမည်’’ငြိမ်သက် မိန်းမောသွားပြန်သည်။ နာကျင်စွာ ညည်းညူနေသည်။ မျက်နှာကို ရှုံ့ပြီး အံသွားများ တဂျစ်ဂျစ် ကြိတ်နေသည်။ ‘‘မသိန်းရှင် . . . ရေပေးပါ’’ဟု ပြောနေပြန်သည်။ ‘‘မိန်းကလေးရဲ့ ဖအေနာမည်ကို မေးနေတာ’’ >ညိုညိုသည် အသနားခံသည့် မျက်လုံးများဖြင့် စခန်းမှူးကို ကြည့်နေသည်။ ‘‘မသိန်းရှင်’’ ‘‘မသိန်းရှင်’’

ကဲ . . . ဒီစာအုပ်ရဲ့ အမည်ကတော့ ‘‘မသိန်းရှင်ဆီ ပို့ပေးပါ’’ ပဲ ဖြစ်ပါတယ်။ အဲတော့ . . မသိန်းရှင်ဆိုတာ ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာလုပ်တာလဲ၊ ဘာဖြစ်လို့ မသိန်းရှင်ကို ဘုရားတသလို ရေရွတ်နေ တာလဲဆိုတာ စာအုပ်ကို ဖတ်ကြည့်လိုက်ရင် ဟာခနဲ၊ ဟင်ခနဲ နေအောင် သိရပါလိမ့်မယ်။

ဆရာနိုင်ဝင်းဆွေရဲ့ ‘‘မသိန်းရှင်ဆီ ပို့ပေးပါ’’ဆိုတဲ့ ဝတ္ထုရှည်ဟာ ၁၉၇၁ ခုနှစ်မှာ ထွက်လာခဲ့တဲ့ စာအုပ်ပါ။ ၂၀၁၇ ခုနှစ်ကကျင်းပတဲ့ နိုဘယ်လ်မြန်မာစာပေပွဲတော်(ရသစာပေ)ရဲ့ မြန်မာဝတ္ထုစာအုပ် ၁၀၀ စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ရသပိုင်းမှာ အင်မတန်မှ ပြောင်မြောက်ပါတယ်။ ဒီစာအုပ်ကို ဖတ်သူဟာ သက်ပြင်းတွေ အခါခါချပြီး ‘‘ကောင်းတယ်’’ဆိုတဲ့ အသံ ထွက်လာကြပါလိမ့်မယ်။

ဆရာနိုင်ဝင်းဆွေဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့တဲ့သူဆိုတော့ အရင်ခေတ်တုန်းက သူ့ရဲ့ စာအုပ်တွေ ပြန်ထုတ်ဖို့ဆိုတာ ခက်ခဲခဲ့ပါတယ်။ ဒီဘက်ခေတ်မှာတော့ သူ့ရဲ့စာအုပ်တွေကို ပြန်လည်ထုတ်ဝေ နေပါပြီ။

စာအုပ်အညွှန်းကို အဆုံးသတ်ပါတော့မယ်။ ဆရာဦးအောင်သင်းပြောသွားတဲ့ စကားလေးပါ။ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ ရသပညာနဲ့ ပတ်သက်ပြီး ပြောသွားတယ်လို့ ထင်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီး ပြီးသွားတဲ့အခါ ရုပ်ရှင်ကြည့်ပရိသတ်တွေက မျက်ရည်လေး တဝဲဝဲနဲ့ ‘‘ကောင်း လိုက်တာ’’လို့ အသံထွက်ကြပါတယ်။ ပြီးတော့ သူ့တို့အောက်က မပျောက်တဲ့ ဖိနပ်ကို ရှက်ကိုးရှက်ကန်းနဲ့ ‘‘ငါ့ ဖိနပ် ဘယ်ရောက်သွားလဲ၊ ငါ့ဖိနပ် ဘယ်ရောက်သွားလဲ’’ဆိုပြီး လိုက်ရှာကြပါတယ်။

ဒီစာအုပ်ကို ဖတ်ပြီးသွားတဲ့အခါမှာလည်း . . .

Kyaw Soe Thu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top