နိုင်ကရာဂွာနိုင်ငံမှာ လက်ဝှေ့သမားတွေကို ပိုးသတ်ဆေးဖြန်းပြီး လက်ဝှေ့ပွဲကျင်းပ

hotsports01.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်းမှာ အားကစားပြိုင်ပွဲတွေကို ရပ်နားထားရပေမဲ့ နိုင်ကရာဂွာနိုင်ငံကတော့ လက်ဝှေ့ပွဲတွေ ဆက်လက်ကျင်းပနေဆဲပါပဲ။ နိုင်ကရာဂွာနိုင်ငံမြို့တော် မန်နာဂွာမြို့ရဲ့ အလက်ဇစ်အာဂွယ်လိုအားကစားစင်တာမှာ တွဲဆိုင်း ၈ ဆိုင်းပါဝင်တဲ့ လက်ဝှေ့ပြိုင်ပွဲတစ်ရပ် ကျင်းပခဲ့ပြီး ပွဲမတိုင်ခင် ကြိုတင်ကာကွယ်မှုအနေနဲ့ လက်ဝှေ့သမားတွေကို ပိုးသတ်ဆေး ဖြန်းခဲ့ပါတယ်။ ဒီပွဲကို ပရိသတ် ၈၀၀ လောက် လာကြည့်ကြပြီး ပရိသတ်အားလုံးကို ရုံထဲမဝင်ခင် အပူချိန်တိုင်းတာ၊ လက်သန့်ဆေးရည်နဲ့ သန့်စင်ခိုင်းတာမျိုး လုပ်ခဲ့ပါတယ်။

ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ကို တစ်မီတာ(၃ ပေ)အကွာ နေရာချထားတာတွေ့ရပါတယ်။ ကြိုးဝိုင်းမယ်တွေ၊ ကြိုးဝိုင်းအကူလူတွေကလည်း နှာခေါင်းစည်းတွေ ဝတ်ဆင်ရပါတယ်။ လက်ဝှေ့သမားတွေကလည်း ကြိုးဝိုင်းထဲမဝင်ခင်အချိန်အထိ နှာခေါင်းစည်း ဝတ်ဆင်ရပါတယ်။ ဒီပွဲကို စီစဉ်သူကတော့ ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့တဲ့ ရိုဆန်ဒိုအယ်ဗာရက်ဇ်ပါ။ အခုလို ပြိုင်ပွဲကျင်းပတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို အယ်ဗာရက်ဇ်က ကာကွယ်ခဲ့ပါတယ်။ ” နိုင်ကရာဂွာက ဆင်းရဲတဲ့နိုင်ငံပါ။ လက်ဝှေ့သမားတွေလည်း စားရေးသောက်ရေးရှိတယ်။ အိမ်ထဲမှာ ပါးစပ်မလှုပ်ဘဲ(ထမင်းမစား) နေလို့မရဘူး”လို့ သူက ဆိုပါတယ်။ နိုင်ကရာဂွာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၁ ယောက်ရှိပြီး ၃ ယောက် သေဆုံးခဲ့ပါတယ်။ နိုင်ကရာဂွာနိုင်ငံမှာ ဘေ့စ်ဘောပြိုင်ပွဲနဲ့ ဘောလုံးပြိုင်ပွဲကိုလည်း ပုံမှန်အတိုင်း ဆက်လက်ကျင်းပနေဆဲပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top