SARS ရောဂါကူးစက်ခံရမှုကနေ အသက်ရှင်နိုင်ခဲ့တဲ့ ဆရာဝန်တစ်ဦး မျှဝေပေးထားတဲ့ ဝူဟန်ဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်နည်းများ

yyl-036.jpg

ဝူဟန်ဗိုင်းရပ်စ်က တရုတ်နိုင်ငံအပြင် အခြားနိုင်ငံတွေမှာလည်း ကူးစက်ပျံ့နှံ့နေတာဖြစ်တဲ့အတွက် လူတော်တော်များများထိတ်လန့်နေကြရပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့အထိတော့ တရုတ်နိုင်ငံမှာ သေဆုံးသူ (၃၀၄) ဦးနဲ့ ကူးစက်ခံရသူ (၁၄,၀၀၀) ရှိနေပြီး စင်ကာပူနိုင်ငံမှာ ကူးစက်ခံရသူ (၁၈) ဦးရှိနေပါပြီ။ အဲဒါကြောင့် ဝူဟန်ဗိုင်းရပ်စ်နဲ့ ဆင်တူတဲ့ SARS ဗိုင်းရပ်စ်ကို ကူးစက်ခံရဖူးတဲ့ စင်ကာပူနိုင်ငံက ဆရာဝန်တစ်ယောက်က ဝူဟန်ဗိုင်းရပ်စ်ကနေ ဘယ်လိုကာကွယ်ကြရမလဲဆိုတာကို မျှဝေပေးထားပါတယ်။

ဆရာဝန် လောင်ဟိုနမ် (Leong Hoe Nam) က စင်ကာပူနိုင်ငံရဲ့ Mount Elizabeth Novena Hospital က ကူးစက်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ သူက ဝူဟန်ဗိုင်းရပ်စ်ပြင်းထန်မှုအခြေအနေကိုလည်း ပြောခဲ့ပါတယ်။ ဝူဟန်ဗိုင်းရပ်စ်က အရမ်းပြင်းထန်ပြီး အလျင်အမြန်ကူးစက်နိုင်တဲ့အပြင် ၂၀၀၃ခုနှစ်ကဖြစ်ပွားခဲ့တဲ့ SARS ဗိုင်းရပ်စ်ထက်တောင် ပိုပြီးဆိုးရွားတယ်လို့ စင်ကာပူဆရာဝန် လောင်ဟိုနမ်က ပြောပါတယ်။

အဲဒီဆရာဝန်က SARS ဗိုင်းရပ်စ်ဖြစ်ပွားခဲ့စဉ်က ကူးစက်ခံရသူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီး အသက်ရှင်လွှတ်မြောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးနိုင်မယ့် လူတစ်ယောက်ဖြစ်လာခဲ့တာပါ။ သူ SARS ရောဂါပိုးကူးစက်ခံပြီး အဖျားတက်လာတဲ့အချိန်မှာ နယူးယောက်ခ်မှာ အစည်းအဝေးတက်ရောက်နေခဲ့တာဖြစ်ပါတယ်။ သူ ဗိုင်းရပ်စ်ကူးစက်ခံရပြီးလို့ သိသိချင်းမှာ စင်ကာပူကို ပြန်လာခဲ့ရပါတယ်။ သူဟာ ပထမဆုံး SARS ရောဂါပိုးကူးစက်ခံရသူကို ကုသပေးပြီးတဲ့နောက်မှာ အခုလိုကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက စင်ကာပူနိုင်ငံမှာ SARS ရောဂါပိုးစတင်ပျံ့နှံ့နေတုန်းဖြစ်ပြီး ရောဂါအမည်တောင်မသိကြသေးပါဘူး။

စင်ကာပူနိုင်ငံက SARS ရောဂါကူးစက်ပျံ့နှံ့ခဲ့တုန်းကအချိန်ထက် အခု ဝူဟန်ဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်ဖို့ ပိုပြီးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ဆရာဝန်လောင်ဟိုနမ်က ပြောပါတယ်။
ဒါပေမဲ့ ဒေသတွင်းမှာ ဗိုင်းရပ်စ်ပျံ့နှံံ့မှုတွေရှိနေတာကြောင့် ခက်ခဲတဲ့အချိန်တွေရှိပါတယ်လို့ ပြောပါတယ်။ ဒီဗိုင်းရပ်စ်က လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်ပျံ့နှံ့နိုင်တာကြောင့် လက်မဆေးဘဲနဲ့ လူတစ်ယောက်ရဲ့မျက်နှာ၊ နှာခေါင်း၊ မျက်လုံး၊ ပါးစပ်တွေကို မထိဖို့ အရေးကြီးပါတယ်လို့ ဆိုပါတယ်။

ဝူဟန်ဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်ဖို့ ဆရာဝန်လောင်ဟိုနမ်က

– လက်သန့်ဆေးရည်က အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ အယ်ကိုဟောပါဝင်တဲ့လက်သန့်ဆေးရည်က ပိုပြီးထိရောက်ပါတယ်။ အယ်ကိုဟောပမာဏပိုများလေ ပိုကောင်းပါတယ်။
– ဆပ်ပြာမပါတဲ့ရေကလည်း အသုံးဝင်ပါတယ်။ ရေက ဗိုင်းရပ်စ်ထဲ စိမ့်ဝင်ပျံ့နှံ့နိုင်ပြီး ဗိုင်းရပ်စ်တွေကို သတ်ပေးပါတယ်။ ဒါပေမဲ့ ဆပ်ပြာနဲ့ ရေကိုသုံးတာကလည်း ပိုကောင်းပါတယ်။
– ရောဂါကူးစက်ခံရသူတွေအတွက်ရော ကူးစက်မခံရသေးတဲ့သူတွေအတွက်ပါ mask က ကာကွယ်ပေးပါတယ်။
– N95 maskတွေက ရောဂါပိုးကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဝတ်ဆင်ရတာတော့ သက်သောင့်သက်သာတော့မရှိဖြစ်နိုင်ပါတယ်။
– ဆေးခန်း၊ ဆေးရုံသွားမယ်ဆိုရင် mask တပ်ပြီး တစ်ခုခုကို ထိမိကိုင်မိတယ်ဆိုရင် လက်ကို ဆေးကြောပေးပါ။
– စိုစွတ်နေတဲ့သုံးပြီးသား mask တွေကို အဝေးကိုလွှတ်ပစ်ပါ။
– Mask တစ်ခုကို အရင်ကသုံးပြီးသားဖြစ်ပေမယ့် သန့်ရှင်းပြီး ခြောက်သွေ့နေတုန်းဆိုရင်လည်း အဲဒီmaskမှာရှိနေတဲ့ ရောဂါပိုးမွှားတွေပျံ့နှံ့မှုကနေ ရှောင်ရှားဖို့အတွက် အဲဒီmaskကို အလုံပိတ်အိတ်ထဲမှာ သိမ်းထားပါ။ နောက်မှာ အဲဒါကို လွှတ်ပစ်လိုက်ပါ။
– ဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်ပွားတဲ့အချိန်၊ ဖြစ်ပွားနိုင်ခြေရှိနေပြီဆိုရင် လူများတဲ့နေရာတွေကို ရှောင်ပါဆိုပြီး ပြောထားပါတယ်။

Ref: S’pore doctor who survived SARS infection shares tips on how to avoid getting Wuhan virus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top