ကိုယ်ပိုင်လေယာဉ်ပေါ်မှာ ဘရက်ပစ်က ကိုယ်ထိလက်ရောက်ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ စွဲချက်တင်ခဲ့တဲ့ အိန်ဂျလီနာဂျိုလီ

5-10-2022-yyl07.jpg

ဟောလိဝုဒ်လောကမှာ နာမည်ကြီးစုံတွဲဖြစ်ခဲ့တဲ့ ဘရက်ပစ်နဲ့အိန်ဂျလီနာဂျိုလီတို့က ကွာရှင်းပြတ်စဲခဲ့ကြတာကြာပြီဖြစ်ပေမဲ့ အပြန်အလှန်တရားစွဲဆိုနေကြတုန်းပါပဲ။ အခုနှစ်အစောပိုင်းမှာ ဘရက်ပစ်က အိန်ဂျလီနာဂျိုလီကို သူတို့နှစ်ယောက်ပိုင်ဆိုင်တဲ့ ဝိုင်လုပ်ငန်းရဲ့ရှယ်ယာတွေကို သူ့ရဲ့သဘောတူချက်မပါဘဲ ရောင်းချခဲ့တဲ့အတွက် တရားစွဲဆိုခဲ့ပါတယ်။ အခုလည်း အိန်ဂျလီနာဂျိုလီက ဘရက်ပစ်ကို ၂၀၁၆ ခုနှစ်တုန်းက ကိုယ်ပိုင်လေယာဥ်ပေါ်မှာ ကိုယ်ထိလက်ရောက်ညှင်းပန်းနှိပ်စက်မှုနဲ့ တရားရုံးမှာစွဲချက်တင်ခဲ့ပါတယ်။

ဘရက်ပစ်က ကိုယ်ပိုင်လေယာဉ်ပေါ်မှာ ဂျိုလီနဲ့စကားများရန်ဖြစ်စဉ်အတွင်း သူတို့ကလေးတစ်ယောက်ရဲ့မျက်နှာကို ထိုးခဲ့တယ်။ အခြားကလေးတစ်ယောက်ရဲ့လည်ပင်းကိုလည်း ညစ်ခဲ့တယ်လို့ အင်္ဂါနေ့က လော့စ်အိန်ဂျယ်လိစ်တရားရုံးမှာ တင်ခဲ့တဲ့ အမှုဖိုင်တွဲမှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလက သူတို့စုံတွဲ ကလေးတွေနဲ့အတူ ကယ်လီဖိုးနီးယားကနေ ပြင်သစ်ကို လေယာဉ်နဲ့သွားတဲ့အချိန် ဘရက်ပစ်က ဒေါသတကြီးနဲ့ ကိုယ်ထိလက်ရောက်ညှင်းပန်းနှိပ်စက်ခဲ့တာဖြစ်တယ်လို့ ဂျိုလီက အမှုဖိုင်တွဲမှာ ဖော်ပြခဲ့ပါတယ်။ “ဘရက်ပစ်ဟာ ကလေးတွေထဲက တစ်ယောက်ရဲ့လည်ပင်းကို ညှစ်ပြီး နောက်ကလေးတစ်ယောက်ရဲ့မျက်နှာကို ရိုက်ခဲ့တယ်။ သူ့ကိုလည်း ခေါင်းကနေ ကိုင်ပြီး ခါယမ်းပစ်ခဲ့တယ်။ ပြီးတော့ သူ့အပေါ်ကို ဘီယာတွေ လောင်းချခဲ့တယ်။ ကလေးတွေအပေါ်ကိုလည်း ဘီယာနဲ့ ဝိုင်နီတွေ လောင်းချခဲ့တယ်” လို့ ဆိုပါတယ်။

ဂျိုလီက ကလေးတွေကို အရမ်းလိုက်လျောလွန်းတယ်လို့ ဘရက်ပစ်ကပြောတဲ့အချိန် ရေချိုးခန်းကနေ ရန်ပွဲစတင်ခဲ့တာပါ။ ဂျိုလီရဲ့ခေါင်းကို ဆွဲကိုင်ပြီး ခါယမ်းတယ်။ ပြီးတော့ ပခုံးကို ကိုင်ကာ ထပ်ပြီး ခါယမ်းပစ်တယ်။ အဲဒီနောက် ရေခန်းနံရံဆီ ဂျိုလီကို တွန်းချပစ်ခဲ့တယ်လို့ Variety သတင်းဌာနကလည်း ဆိုပါတယ်။

ကလေးတစ်ယောက်က သူ့အမေ ဂျိုလီကို နှုတ်နဲ့ ကာကွယ်ပြီး ပြောပေးတဲ့အတွက် ဘရက်ပစ်က ကလေးရဲ့လည်ပင်းကို ညှစ်ခဲ့တာဖြစ်ပါတယ်။ ကလေးတွေအားလုံးက ရေချိုးခန်းထဲ ပြေးဝင်လာပြီး သတ္တိရှိရှိနဲ့ ကာကွယ်ပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ကလေးနှစ်ယောက်ကို ဘရက်ပစ်က လည်ပင်းညှစ်တာ၊ ရိုက်တာလုပ်နေတဲ့အချိန်မှာ အခြားကလေးတွေက ဘရက်ပစ်ကို မလုပ်ဖို့ တောင်းပန်နေခဲ့ပါတယ်။ ကလေးတွေအားလုံး ကြောက်လန့်ပြီး ငိုနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ဂျိုလီက လေယာဉ်ပေါ်ကဖြစ်ရပ်အပြီး ရက်အနည်းငယ်အကြာမှာ ကွာရှင်းခွင့်လျှောက်ထားခဲ့တာပါ။ အခု ဘရက်ပစ်ကတော့ ဂျိုလီရဲ့စွပ်စွဲပြောဆိုချက်တွေက မှားယွင်းတယ်လို့ ငြင်းဆိုနေပါတယ်။

Ref: Tribune “Brad Pitt ‘choked’ one child, hit another: Angelina Jolie in court filing”

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top