တရုတ်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဘရာဇီးနိုင်ငံမှာ တစ်ကျော့ပြန် စမ်းသပ်ထိုးနှံခွင့် ပြု

12-11-2020-yyl-005.jpg

တရုတ်ဆေးကုမ္ပဏီ Sinovac Biotech က ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံမှု ပြန်လည်စတင်နိုင်ပြီလို့ ဘရာဇီးနိုင်ငံ ကျန်းမာရေးစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့(Anvisa)က ကြေညာခဲ့ပါတယ်။ မလိုလားအပ်တဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်ခဲ့လို့ လွန်ခဲ့တဲ့ ၂ ရက်မှာ Anvisa က ဘရာဇီးနိုင်ငံမှာ CoronaVac ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုလုပ်နေတာတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ စေတနာ့ဝန်ထမ်းတစ်ယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ်ဟာ CoronaVac ကာကွယ်ဆေးနဲ့ မသက်ဆိုင်ဘူးလို့ အတည်ပြုနိုင်တဲ့အတွက် စမ်းသပ်ထိုးနှံမှု ပြန်လုပ်ခွင့်ပေးခဲ့တာပါ။ ရဲတပ်ဖွဲ့က အဲဒီသေဆုံးမှုကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုလို့ သတ်မှတ်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ” ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံမှုပြန်လုပ်ခွင့်ပေးဖို့ လုံလောက်တဲ့ သတင်းအချက်အလက် ရရှိပါပြီ။ စမ်းသပ်ထိုးနှံမှုဆိုင်းငံ့လိုက်တယ်ဆိုတာ စမ်းသပ်နေဆဲဖြစ်တဲ့ ဒီဆေးဝါးက အရည်အသွေးမကောင်းဘူး၊ ဘေးမကင်းဘူး၊ အာနိသင် မထိရောက်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး လုံးဝမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ အရေးကြီးပါတယ်” လို့ Anvisa က ကြေညာခဲ့ပါတယ်။

တရုတ်ကုမ္ပဏီက ထုတ်လုပ်တဲ့ ဆေးဝါးဖြစ်နေလို့ CoronaVac ကာကွယ်ဆေးကို ဝေဖန်ခဲ့ပြီး အဲဒီဆေးကို ဝယ်ယူသုံးစွဲမှာမဟုတ်ဘူးလို့ ဆိုခဲ့တဲ့ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုကတော့ စမ်းသပ်ထိုးနှံမှု ရပ်ဆိုင်းလိုက်ချိန်မှာ အောင်ပွဲတစ်ရပ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ စမ်းသပ်ထိုးနှံခွင့် ပြန်လည်ခွင့်ပြုလိုက်တာနဲ့ပတ်သက်ပြီး ဘော်ဆိုနာရိုက မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။

CoronaVac ကာကွယ်ဆေးဟာ စမ်းသပ်ထိုးနှံမှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေပြီးရင် ကိုဗစ်-၁၉ ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅.၆ သန်းကျော် ရှိနေပြီး လူ ၁၆၃၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Ref: BBC ” Covid: Brazil allows resumption of Chinese vaccine trial”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top