ဂျပန်ငါးပြတိုက်တစ်ခုက တိရစ္ဆာန်လေးတွေ သူတို့မကြိုက်တဲ့ငါးအမျိုးအစားမစားချင်လို့ စားဖို့ ငြင်းဆန်ခဲ့ကြ

13-7-2022-30.jpg

သူမကြိုက်တဲ့ငါးအမျိုးအစားမစားချင်လို့ ငြင်းဆန်နေတဲ့ ပင်ဂွင်းတစ်ကောင်

ဂျပန်နိုင်ငံရဲ့Hokone-en ငါးပြတိုက်မှာ ပြတိုက်ဝန်ထမ်းတစ်ဦးဟာ ပင်ဂွင်းတစ်ကောင်နားမှာ မက်ကရယ်ငါးတစ်ကောင်ကို ဝှေ့ယမ်းပြနေလည်း အဲဒီပင်ဂွင်းက စားချင်တဲ့အရိပ်အယောင်တောင်မပြခဲ့ပါဘူး။ သူ့ရဲ့နှုတ်သီးနား ငါးကို ကပ်ပြီး ထားပြလည်း မစားဘဲ လှည့်ထွက်သွားခဲ့ပါတယ်။ ဖျံတစ်ကောင်ကလည်း အဲဒီငါးကို အနံ့လာရှုကြည့်ပြီး မစားဘဲ ပြန်ထွက်သွားခဲ့ပါတယ်။

ငါးပြတိုက်ဝန်ထမ်းကျွေးတဲ့ ငါးတွေကို ပင်ဂွင်းနဲ့ ဖျံတွေ မစားရတာက သူတို့ အရင်စားခဲ့ရတဲ့ ငါးအမျိုးအစားမဟုတ်တဲ့အတွက်ကြောင့်ပါ။ ငွေကြေးဖောင်းပွမှုနဲ့ ဈေးနှုန်းတွေ မြင့်တက်လာတာဟာ ငါးပြတိုက်က တိရစ္ဆာန်တွေရဲ့အစားအသောက်မှာ ပြောင်းလဲမှုဖြစ်ပေါ်စေခဲ့ပါတယ်။ တိရစ္ဆာန်တွေက ဈေးနည်းတဲ့အစားအစာတွေစားရမှာကို စိတ်မပျော်ရွှင်ဖြစ်ပြီး စားဖို့ ငြင်းဆန်နေကြပါတယ်။

အရင်က ငါးပြတိုက်ဟာ ပင်ဂွင်းနဲ့ဖျံတွေကို ဂျပန်လို “အာဂျီ”လို့ ခေါ်တဲ့ Japanese horse mackerel ငါးအမျိုးအစားကို ကျွေးခဲ့တာပါ။ ဒါပေမဲ့ ငါးမန်းတွေ၊ ပင်လယ်ဖျံတွေ အပါအဝင် တိရစ္ဆာန် ၃၂၀၀၀ ရှိတဲ့ ငါးပြတိုက်က ကမ္ဘာ့စီးပွားရေးအများအပြားကို ထိခိုက်စေတဲ့ စီးပွားရေးမပြေလည်မှုဒဏ်ကို ခံနိုင်ရည်မရှိခဲ့ပါဘူး။ အာဂျီရဲ့ဈေးနှုန်းက အရင်နှစ်ထက် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးသွားခဲ့တယ်လို့ ငါးပြတိုက်က ပြောပါတယ်။

ပင်ဂွင်း​တွေကို ငါးပြတိုက်ဝန်ထမ်းတစ်ဦး အစာကျွေးနေပုံ

ဒါကြောင့် ကုန်ကျစရိတ်တွေကို လျှော့ချဖို့အတွက် မေလက အာဂျီထက် ဈေးသက်သာတဲ့ မက်ကရယ်ငါးကို ပြောင်းပစ်ခဲ့တာပါ။ တိရစ္ဆာန်တွေက အဲဒီငါးကို စားဖို့ငြင်းဆန်နေတာကြောင့် ငါးပြတိုက်ဝန်ထမ်းတွေက စားလာဖို့အတွက် ကြံဖန်ခဲ့ရပါတယ်။ သူတို့ ကြိုက်နှစ်သက်တဲ့ အာဂျီနဲ့ရောပြီးကျွေးလိုက်တဲ့အခါမှာ မက်ကရယ်ကို စားချင်စိတ်ဖြစ်လာပါတယ်။

ငါးပြတိုက်က ကုန်ကျစရိတ်တွေကို တတ်နိုင်သလောက် လျှော့ချနေပါတယ်။ လျှပ်စစ်ဓာတ်အားခကို ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချတဲ့အနေနဲ့ ပန့်စက် (၂) ခုကနေ (၁) ခုထိ လျှော့ပစ်ခဲ့ပါတယ်။

ငါးပြတိုက်ဝင်ကြေးတိုးပြီး ဒီပြဿနာကို ဖြေရှင်းလို့ရပေမဲ့ ဧည့်သည်တွေ လာရောက်လည်ပတ်ဖို့ သက်တောင့်သက်သာရှိတဲ့ နေရာတစ်ခုဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားသွားမှာဖြစ်ကြောင်းနဲ့ ဝင်ကြေးတိုးမြှင့်ကောက်ခံဖို့ အစီစဉ်မရှိကြောင်း ပြတိုက်ဝန်ထမ်း ဟီရိုခီ ရှီမာမိုတိုက ပြောပါတယ်။

ငါးပြတိုက်က ဘယ်တိရစ္ဆာန်ကိုမဆို သူတို့ မစားချင်တဲ့အရာကို စားဖို့ ဘယ်တော့မှ အတင်းမကျွေးပါဘူး။ တိရစ္ဆာန်တွေ ကြိုက်နှစ်သက်တဲ့ ငါးအမျိုးအစားစားရဖို့နဲ့ သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်းအကောင်းဆုံးကြိုးစားနေပါတယ်။

Ref: CNN “Penguins at a Japanese aquarium are being fed cheaper fish – and they aren’t happy”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top