ဟောင်ကောင်မြို့ရဲ့ ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ်အားလုံး ရာထူးကနေ နုတ်ထွက်

12-11-2020-yyl-006.jpg

အတိုက်အခံလွှတ်တော်အမတ် ၄ ယောက်ကို လွှတ်တော်အမတ်တာဝန် ရပ်စဲခဲ့ပြီးနောက်မှာ ဟောင်ကောင်မြို့ရဲ့ ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ်အားလုံးက ရာထူးကနေ နုတ်ထွက်ပြီလို့ ကြေညာခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ဖွယ်ရှိတဲ့ လွှတ်တော်အမတ်တွေကို ဟောင်ကောင်မြို့အစိုးရက ရာထူးကနေ ထုတ်ပယ်ခွင့်ရှိတဲ့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တရုတ်အမျိုးသားပြည်သူ့လွှတ်တော် ဗဟိုကော်မတီက အတည်ပြုခဲ့ပါတယ်။ အချိန်ပိုင်းအကြာမှာပဲ ဟောင်ကောင်အစိုးရက အတိုက်အခံလွှတ်တော်အမတ် ၄ ယောက်ကို လွှတ်တော်အမတ်တာဝန်ကနေ ရပ်စဲခဲ့တာပါ။

ဟောင်ကောင်လွှတ်တော်မှာ အမတ် ၇၀ ရှိတဲ့အနက် ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ် ၁၉ ယောက် ရှိပါတယ်။ အခုအခါမှာတော့ လွှတ်တော်အမတ် ၁၅ ယောက်က ရာထူးကနေ နုတ်ထွက်ပြီလို့ ကြေညာလိုက်တဲ့အတွက် ဟောင်ကောင်လွှတ်တော်မှာ ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ်တစ်ယောက်မျှ မကျန်တော့ပါဘူး။ အတိုက်အခံလွှတ်တော်အမတ် ၂ ယောက်ပဲ ကျန်ပါတော့တယ်။

ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ် ၄ ယောက်ကို လွှတ်တော်အမတ် တာဝန် ရပ်စဲလိုက်တဲ့လုပ်ရပ်ဟာ တရုတ်အစိုးရက ဟောင်ကောင်မြို့ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ပိတ်ပင်ဖို့ ကြိုးစားမှုတစ်ရပ်လို့ သတ်မှတ်ထားကြပါတယ်။ ” တစ်နိုင်ငံ၊ စနစ် ၂ ခုပုံစံ ကျင့်သုံးနေဆဲပဲလို့ မပြောနိုင်တော့ပါဘူး။ အဲဒီစနစ်က ဇာတ်သိမ်းသွားပါပြီ” လို့ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဝူချီဝေက ပြောပါတယ်။ ဟောင်ကောင်လွှတ်တော်မှာ အတိုက်အခံအမတ်တွေ မရှိသလောက်နီးပါး ဖြစ်သွားခဲ့တာဟာ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်မြို့ကို ဗြိတိန်နိုင်ငံက တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ပါပဲ။

တရုတ်နိုင်ငံက ဟောင်ကောင်မြို့ကို ပြည်မကြီးထက် လွတ်လပ်ခွင့်၊ အခွင့်အရေးပိုပေးမယ့် တစ်နိုင်ငံ၊ စနစ် ၂ ခုပုံစံနဲ့ ၂၀၄၇ ခုနှစ်အထိ အုပ်ချုပ်မယ်ဆိုတဲ့ ကတိကဝတ်နဲ့ ဗြိတိန်နိုင်ငံထံကနေ ပြန်လည်လွှဲပြောင်းရယူခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ ဒီမိုကရေစီလိုလားပြီး တရုတ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့လို့ ပြီးခဲ့တဲ့ဇွန်လမှာတော့ အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဟောင်ကောင်မြို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာကို လျှော့ချခဲ့ပါတယ်။

လွှတ်တော်အမတ် တာဝန်ကနေ ရပ်စဲခံခဲ့ရတဲ့ လွှတ်တော်အမတ် ၄ ယောက်ဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်း မပြည့်မီသူတွေဖြစ်သွားပြီလို့ ဟောင်ကောင်မြို့ခေါင်းဆောင် ကာရီလမ်က ပြောပါတယ်။ ကာရီလမ်ဟာ တရုတ်အစိုးရကို ထောက်ခံအားပေးသူပါ။ တာဝန်ရပ်စဲခံရတဲ့ လွှတ်တော်အမတ် ၄ ယောက်နေရာမှာ အစားထိုးဖို့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘဲ လာမယ့် ၉ လအကြာမှ ရွေးကောက်ပွဲကျင်းပမယ်လို့ ဆိုပါတယ်။

Ref: BBC ” Hong Kong pro-democracy lawmakers resign after China ruling”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top