ကိုဗစ်ကြောင့် မင်္ဂလာပွဲ ဖျက်သိမ်းခဲ့ရလို့ ဂေဟာကို အစားအစာတွေ လှူဒါန်းပစ်ခဲ့တဲ့ မင်္ဂလာစုံတွဲ

26-8-2020-yyl-025.jpg

ကိုဗစ်ကပ်ရောဂါကြောင့် မင်္ဂလာပွဲကျင်းပမယ့်သူတွေလည်း ရက်ရွေ့ထားရသလို တချို့ဆို ဖျက်သိမ်းလိုက်ရပါတယ်။ အဲဒီထဲမှာ တေလာနဲ့ မီလာနီ တာပတ်ဂျ်နာတို့ စုံတွဲလည်း အပါအဝင်ပါပဲ။ ကိုဗစ်ကြောင့် သူတို့ရဲ့မင်္ဂလာအခမ်းအနားကို ဖျက်သိမ်းခဲ့ရတဲ့အချိန်မှာ သူတို့အော်ဒါမှာထားတဲ့အစားအစာတွေ အလဟာသမဖြစ်သွားချင်ခဲ့တာကြောင့် အကူအညီလိုအပ်နေတဲ့၊ အကျပ်အတည်းဖြစ်နေတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ နားခိုရာ ဂေဟာဖြစ်တဲ့ Laura’s Home ကို လှူဒါန်းပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Laura’s Home က အိမ်ရာမဲ့လူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်း The City Mission ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ လက်ရှိမှာ ကလေး (၇၀) လောက်က သူတို့ရဲ့မိဘတွေနဲ့အတူ ပရိုဂရမ်တစ်ခုကို တက်ရောက်နေပါတယ်။ The City Mission ရဲ့စီအီးအို ရစ်ချ် ထရစ်ကယ် (Rich Trickel)က မီလာနီဟာ ဒီအဖွဲ့အစည်းမှာ အရင်တုန်းက ပရဟိတ လုပ်ပေးခဲ့ဖူးတယ်ဆိုတာ သူ မသိခဲ့ဘူး။ ဒါပေမဲ့ မီလာနီရဲ့မင်္ဂလာပွဲနေ့ မတိုင်ခင်မှာ သူတို့ကူညီနိုင်တာရှိရင် ပြောဆိုပြီး ဆက်သွယ်လာခဲ့တယ်လို့ ပြောပါတယ်။

ကိုဗစ်ကြောင့် မင်္ဂလာအခမ်းအနားကို ဖျက်သိမ်းခဲ့ရပြီး မင်္ဂလာခန်းမကနေ အပြည့်အဝငွေပြန်အမ်းတာရခဲ့တယ်လို့ မီလာနီက ပြောပါတယ်။ “ကျွန်မတို့ မင်္ဂလာပွဲမှာ တည်ခင်းမယ့်အစားအစာတွေ ၁၀၀ရာခိုင်နှုန်း ပြန်အမ်းငွေရနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြန်အမ်းငွေမယူတော့ဘဲ အဲဒါတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

မီလာနီနဲ့ သူ့ခင်ပွန်းတေလာတို့က သြဂုတ် ၁၅ ရက်နေ့က မင်္ဂလာဆောင်ခဲ့ကြပေမယ့် အဲဒီနေ့မှာ ကိုဗစ်ကြောင့် မင်္ဂလာအခမ်းအနားကို ဖျက်သိမ်းလိုက်ရတာပါ။ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားလျက် မင်္ဂလာပွဲဖျက်သိမ်းပြီးတဲ့နောက်မှာ Laura’s Home ကို အစားအစာတွေ သွားလှူဒါန်းခဲ့ပါတယ်။ အစားအစာကားကြီးနဲ့ ရောက်လာပြီး သူတို့ရဲ့မင်္ဂလာအခမ်းအနားမှာ တည်ခင်းမယ့် အစားအစာတွေကို Laura’s Home မီးဖိုဆောင်ကို ယူလာခဲ့ကြပါတယ်။ သတို့သားနဲ့သတို့သမီးတို့ကလည်း မင်္ဂလာဝတ်စုံကြီးနဲ့ပဲ ဂေဟာက လူတွေကို အစားအစာတွေ တည်ခင်းပေးခဲ့ကြပါတယ်။ “ရိုးရိုးမင်္ဂလာပွဲမှာ လုပ်နေရသလိုပဲ သူတို့တွေက မီးဖိုချောင်ကနေ ထွက်လာပြီး စားပွဲနားရောက်လာကာ အမျိုးသမီးတွေနဲ့ကလေးတွေကို နှုတ်ဆက်ခဲ့ကြတာပါ”လို့ ရစ်ချ်က ပြောပါတယ်။

ကိုဗစ်စည်းမျဉ်းတွေကြောင့် သတို့သား၊ သတို့သမီးနဲ့ သူတို့ရဲ့ဓာတ်ပုံဆရာတွေကသာ ထမင်းစားခန်းထဲကို ဝင်ခွင့်ရတဲ့သူတွေပါ။ သူတို့စုံတွဲက ကလေးတွေနဲ့ သူတို့ရဲ့အမေတွေအတွက် အားလုံးစုစုပေါင်း အစားအသောက် (၁၀၀) လောက် လှူဒါန်းခဲ့ပါတယ်။ မီလာနီတို့စုံတွဲက မင်္ဂလာခန်းမမှာ မင်္ဂလာမဆောင်လိုက်ရပေမယ့် ဂေဟာမှာ မင်္ဂလာဆောင်လိုက်ရသလိုပါပဲ။ သူတို့ရဲ့မင်္ဂလာဆောင်ဓာတ်ပုံကလည်း ထူးခြားပါတယ်။ မီးဖိုချောင်မှာ ကူညီပြီး စားပွဲတွေနားမှာ အစားအစာတည်ခင်းနေတဲ့ သူတို့နှစ်ယောက်ရဲ့ပုံတွေအပြင် ကလေးတွေကို ပြုံးပြနေတဲ့ ပုံတချို့လည်းဖြစ်ပါတယ်။

Ref: CBSNews “Bride and groom who canceled wedding reception due to COVID-19 donate food to shelter”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top