မင်္ဂလာပွဲနေ့မှာ သတို့သား ကြိုက်တဲ့ အာထရာမန်းဇာတ်ကောင်ဝတ်စုံကို ဝတ်ပြီး ရယ်မောပျော်ရွှင်အောင်လုပ်ခဲ့တဲ့ သတို့သမီး

6.6.2023-yyl-22.jpg

တရုတ်နိုင်ငံ၊ ဟယ်နန်ပြည်နယ်က သတို့သားတစ်ယောက်ဟာ မင်္ဂလာဝတ်စုံနဲ့ စောင့်ဆိုင်းနေတဲ့ သတို့သမီးကို တွေ့ရဖို့အတွက် အခန်းထဲမဝင်ခင် သတို့သမီးအရံတွေ စမ်းသပ်တဲ့ ဂိမ်းတွေကို ကစားခဲ့ရပါတယ်။ ဂိမ်းတွေကို အောင်အောင်မြင်မြင်နဲ့ကစားပြီးတဲ့နောက် အခန်းထဲကို ဝင်လိုက်တဲ့အချိန်မှာ သတို့သမီးကို မင်္ဂလာဝတ်စုံနဲ့ မမြင်ရဘဲ စူပါဟီးရိုးဇာတ်ကောင် အာထရာမန်းဝတ်စုံနဲ့ မြင်တွေ့လိုက်တာကြောင့် အံ့အားသင့်သွားခဲ့ရပါတယ်။ ဒီအကြောင်းက တရုတ်လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသွားခဲ့ပါတယ်။

Xiaohongshu လူမှုကွန်ယက်အကောင့်မှာ သတို့သားမစ္စတာကျောက် တင်ထားတဲ့ ဗီဒီယိုမှာတော့ အာထရာမန်းဝတ်စုံကို ဝတ်ထားတဲ့ သတို့သမီးမစ္စစ်ဖန်ကို သတို့သား မြင်တွေ့ပြီး အားရပါးရရယ်မောနေခဲ့တာကို တွေ့ရပါတယ်။ သတို့သားနဲ့ သတို့သားအရံတွေ အခန်းထဲကို ဝင်လာတဲ့အချိန်မှာ သတို့သမီးက ကုတင်ပေါ်မှာ ဒူးထောက်နေရင်းကနေ မတ်တပ်ရပ်ပြီး အာထရာမန်းပုံစံမျိုး နည်းနည်းလုပ်ပြခဲ့ပါတယ်။ သတို့သားကိုလည်း လက်ဆွဲနှုတ်ဆက်ခဲ့ပါသေးတယ်။

သတို့သားက စူပါဟီးရိုးဇာတ်ကားတွေရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး အာထရာမန်းဇာတ်ကောင်ကို ကြိုက်နှစ်သက်ပါတယ်။ သတို့သမီးကတော့ အာထရာမန်းဇာတ်ကောင်ကို ကြိုက်နှစ်သက်ခဲ့တာမျိုးမရှိခဲ့ပါဘူး။ သူတို့စုံတွဲက ချစ်သူသက်တမ်း ၉ နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာပါ။ သတို့သမီးက အာထရာမန်းဇာတ်ကောင်ကို သတို့သားကြိုက်နှစ်သက်တယ်ဆိုတာ သိတဲ့အတွက် အခုလိုမျိုးဝတ်ဆင်ဖြစ်ခဲ့တာပါ။

“ကျွန်တော်တို့နှစ်ယောက် လက်ထပ်ခဲ့ကြတယ်။ ကျွန်တော် အာထရာမန်းကို ကြိုက်တယ်ဆိုတာ သူသိခဲ့တယ်။ ကျွန်တော်အတွက် သူ့ရဲ့မင်္ဂလာဝတ်စုံကို ချွတ်ပြီး အာထရာမန်းအဖြစ် ပြောင်းလဲပစ်မယ်လို့ ကျွန်တော်မထင်ခဲ့မိဘူး။ ကျွန်တော် အရမ်း စိတ်လှုပ်ရှားခဲ့ရတယ်”လို့ သတို့သားက ဆိုပါတယ်။


သတို့သားအတွက် အာထရာမန်းဝတ်စုံဝတ်ခဲ့တဲ့ သတို့သမီးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်အသုံးပြုသူတချို့က အခုလို တုံ့ပြန်ခဲ့ကြပါတယ်။ “ချစ်ရသူရဲ့အပြုံးကို ရဖို့အတွက် ဟာသလုပ်ဖို့ ဝန်မလေးတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ ဖြူစင်သန့်ရှင်းတဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ အမျိုးသမီးပါ။ မင်းကို ချစ်တဲ့ ဒီဇနီးကို ချစ်မြတ်နိုးပါ။ မင်းတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတွေ ထာဝရတည်မြဲနေပါစေလို့ ဆုတောင်းပေးပါတယ်”၊ “ကျွန်မလည်း မိန်းကလေးပါပဲ။ အရမ်းအားကျတာပဲ။ သူ့ကို အရမ်းချစ်တဲ့ ဇနီးကို ပိုင်ဆိုင်ရတဲ့အတွက် သတို့သားကို အရမ်းမနာလိုဖြစ်မိတယ်။ ကျွန်မလည်း လက်ထပ်ချင်တယ်။ Kamen Rider ဝတ်စုံကို ဝတ်ချင်တယ်”တဲ့။

Ref: Bride in China surprises groom with Ultraman outfit on wedding day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top