ခွင့်ပြုချက်မရဘဲ ဝန်ထမ်းတွေ အပြင်မထွက်အောင် အပြင်ဘက်ကနေ သော့ခတ်ထားတဲ့ အိန္ဒိယကုမ္ပဏီ ဝေဖန်မှုများ ကြုံတွေ့နေ

6.6.2023-yyl-21.jpg

သူ့ခွင့်ပြုချက်မရဘဲ ဝန်ထမ်းတွေ အပြင်မထွက်နိုင်အောင် ရုံးခန်းကို အပြင်ဘက်ကနေ သော့ခတ်ခိုင်းထားတဲ့ အိန္ဒိယ အိုင်တီကုမ္ပဏီရဲ့ လုပ်ရပ်ကတော့ အွန်လိုင်းပေါ်မှာ လူပြောများခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ဂုရုဂရမ်မြို့ အခြေစိုက် Coding Ninjas အိုင်တီကုမ္ပဏီမှာ လုံခြုံရေးဝန်ထမ်းက ရုံးခန်းတံခါးကို အပြင်ဘက်ကနေ သံကြိုးနဲ့ ချည်ပြီး သော့ခလောက် ခတ်နေတဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့တာပါ။
ဆရာ အနူရာဂျီရဲ့ ခိုင်းစေမှုအရ လုပ်ရတာပါလို့ လုံခြုံရေးဝန်ထမ်းက ဗီဒီယိုထဲမှာ ပြောခဲ့ပါတယ်။ အနူရာဂျီဆိုတာ Coding Ninjas အိုင်တီကုမ္ပဏီရဲ့ မန်နေဂျာဖြစ်ပြီး သူ့ခွင့်ပြုချက် မရဘဲ ဝန်ထမ်းတွေကို အပြင်မထွက်စေချင်လို့ အခုလို လုပ်ခိုင်းခဲ့တာပါ။
ဒီဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ အွန်လိုင်းအသုံးပြုသူတွေက ”ဝန်ထမ်း အခွင့်အရေး ချိုးဖောက်တယ်၊ လုပ်ငန်းခွင် အဆင့်အတန်းနိမ့်တယ်” လို့ မှတ်ချက်ပေးခဲ့ကြတာပါ။ တွစ်တာအသုံးပြုသူတစ်ဦးကတော့ ” မီးလောင်ရင် ဘယ်လို လုပ်ကြမလဲ။ ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့ ဒီလိုအဖွဲ့အစည်းမျိုးက ဘယ်လိုများ လုပ်ငန်းလည်ပတ်နေပါလိမ့်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အဲဒီနောက်မှာ Coding Ninjas ကုမ္ပဏီက ပြန်တောင်းပန်ခဲ့ပြီး ဒီလုပ်ရပ်အတွက် တာဝန်ရှိတဲ့ ဝန်ထမ်းကလည်း သူ့အမှားသူ တောင်းပန်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ Coding Ninjas ကုမ္ပဏီက သူတို့ရဲ့လုပ်ရပ်ကို ဖုံးကွယ်ထားဖို့ ကြိုးစားခဲ့ပြီး ဖုံးမရ ဖိမရ ဖြစ်တော့မှ တောင်းပန်စာထုတ်ခဲ့တာလို့ အွန်လိုင်းအသုံးပြုသူတွေက စွပ်စွဲခဲ့ကြပါတယ်။

Ref: Company Locks Employees Inside Office Building to Prevent Them from Leaving

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top