ထီဆုကြီးပေါက်ပြီး အလုပ်လုပ်ဖို့ အစီအစဉ်မရှိတော့ဘူးဆိုတဲ့ တက္ကသိုလ်ကျောင်းသား

18-12-2020-yyl11.jpg

ဘရစ်စဘိန်းမြို့က အသက် ၂၀ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ယောက်ကတော့ Powerball Jackpot ဆုကြီးကို ပေါက်သွားပြီးတဲ့နောက်မှာ ဒေါ်လာ သန်း ၂၀ နဲ့ ကြွယ်ဝချမ်းသာသွားခဲ့ပါတယ်။ အမည်မဖော်လိုသူ တက္ကသိုလ်ကျောင်းသားက သူ့ရဲ့ထီနံပါတ်တွေက ဆုကြီးကံထူးတဲ့နံပါတ်တွေနဲ့ တူနေတာမြင်ရတော့ သူ့မျက်လုံးတွေကိုတောင် မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ထီဆုကြီးပေါက်ရင် ဒီငွေတွေနဲ့ ဘာလုပ်မလဲ၊ ရင်းနှီးမြှုပ်နှံမှာလားဆိုတဲ့ မေးခွန်းတွေကို မေးလေ့ရှိကြပါတယ်။ ဒီတက္ကသိုလ်ကျောင်းသားကတော့ သူ့ရဲ့အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ပြောမထားပေမဲ့ အစီအစဉ်တစ်ခုကိုတော့ ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ အဲဒါကတော့ နောက်ထပ်အလုပ်ထပ်လုပ်တော့မှာမဟုတ်ဘူးဆိုတာပါပဲ။

တချို့လူတွေဆိုရင် ထီပေါက်သွားလည်း အလုပ်လုပ်နေဦးမှာလို့ ပြောကြပေမဲ့ ဒီကောင်လေးကတော့ “ကျွန်တော် ဘယ်တော့မှ အလုပ်ထပ်လုပ်တော့မှာမဟုတ်ဘူး။ လူတွေက သူတု့ိရဲ့ဘဝတစ်ခုလုံးကို အလုပ်ထဲမှာ နှစ်မြုပ်ထားကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အရင်ဆုံး ကျွန်တော့်ဘဝကို မိသားစု၊ သူငယ်ချင်းတွေနဲ့ ကုန်ဆုံးချင်တယ်။ သူတို့ကို ကူညီပေးသွားမယ်။ သူတို့ကို Surprise လုပ်မယ်။ တချို့ဆို ခက်ခဲကျပ်တည်းတဲ့နှစ်တွေကို ကျော်ဖြတ်ခဲ့ရတယ်။ ကျွန်တော် လှူဒါန်းထောက်ပံ့ချင်တဲ့ ပရဟိတအဖွဲ့အစည်းတချို့လည်းရှိပါတယ်။ အခုဆို သူတို့ကို ခါတိုင်းထက်ပိုပြီး လှူနိုင်တန်းနိုင်တော့မှာပါ”လို့ သူက ပြောပါတယ်။

တက္ကသိုလ်ကျောင်းသားက သူဟာ မီလျံနာတစ်ယောက်ဖြစ်တော့မယ်လို့သိလိုက်ရတဲ့အခါမှာ တအံ့တသြဖြစ်သွားပြီး စိတ်အနည်းငယ်ရှုပ်ထွေးခဲ့တယ်လို့ ဆိုပါတယ်။ “အို..ဘုရားသခင်..မယုံကြည်နိုင်လောက်အောင်ပါပဲလို့ ကျွန်တော် အော်ခဲ့တယ်။ ကျွန်တော့်ရဲ့ထီလက်မှတ်တွေကို စစ်လိုက်တယ်။ ငါ ဘယ်သူကို အရင်ဖုန်းဆက်ရမလဲပေါ့။ ကျွန်တော့်မိသားစုကို ပြောပြဖို့အတွက် သူတို့ဆီ ဖုန်းခေါ်ဖို့လုပ်ခဲ့တယ်။ ဒါပေမဲ့ သူတို့အားလုံး အိပ်နေကြပြီ။ ကျွန်တော် မနက်ကျမှ သူတို့ကို ပြောမယ်ပေါ့။ ရယ်တော့ရယ်ရတယ်။ တစ်နေ့လုံး ကျွန်တော် အလုပ်တွေကိုရှုပ်လို့။ တစ်ခါမှ မပေါက်ဘူးတော့လေ။ ကျွန်တော် ထီပေါက်တဲ့သူတွေရဲ့သတင်းကို တွေ့ရတဲ့အခါတိုင်း အဲဒီကံကောင်းတဲ့ကောင်လေးက နောက်တစ်ခါ ကျွန်တော်ဖြစ်နိုင်တယ်လို့ တွေးဖူးတယ်။ အဲဒါက တကယ်ဖြစ်လာတော့ ကျွန်တော် မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်” လို့ ပြောပါတယ်။

ထီပေါက်တဲ့ညက တစ်ညလုံးအိပ်မရဖြစ်မှာဆိုးတဲ့အတွက် စိတ်တည်ငြိမ်သွားဖို့ ဇာတ်ကားကြည့်မယ်လို့ တက္ကသိုလ်ကျောင်းသားလေးက ပြောပါတယ်။ တက္ကသိုလ်ကျောင်းသားလေး ပေါက်ခဲ့တဲ့ထီကတော့ မနေ့က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Powerball ရဲ့ ပေါက်မဲနံပါတ်တွေကတော့ ၂၉၊ ၂၊ ၁၇၊ ၁၆၊ ၃၃၊ ၅၊ ၉ တို့ပါပဲ။

Ref: Ladbible”Brisbane Uni Student Wins $20 Million Lottery And Plans To Never Work Again”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top