တစ်ပတ်အတွင်း ကမ္ဘာ့အံ့ဖွယ်နေရာ (၇) ခုကို လည်ပတ်ခြင်းဖြင့် ကမ္ဘာ့စံချိန်ချိုးခဲ့သူ

17.5.2023-yyl-9.jpg

ဗြိတိန်နိုင်ငံသားတစ်ဦးက ၇ ရက်အတွင်း ကမ္ဘာ့အံ့ဖွယ်နေရာ (၇) ခုကို လည်ပတ်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်သစ်တင်ခဲ့ပါတယ်။ ဂျေမီမက်ဒေါ်နယ် အမည်ရတဲ့ အဲဒီအမျိုးသားဟာ ခရီးသွားကုမ္ပဏီ Travelport ရဲ့အကူအညီနဲ့ ကမ္ဘာ့အံ့ဖွယ်နေရာ (၇) ခုကို လည်ပတ်ခဲ့တာပါ။ အတိအကျပြောရရင် ဂျေမီက ကမ္ဘာ့အံ့ဖွယ်နေရာ (၇) ခုဖြစ်တဲ့ တရုတ်မဟာတံတိုင်း၊ တာ့ဂျ်မဟာရ်၊ ပီထရာမြို့၊ ကိုလော့စီယမ်၊ Christ the Redeemer ရုပ်တု၊ မာချူးပီချူး၊ ChichénItzá Itzá ရှေးဟောင်းသုတေသနပြုလုပ်ရာနေရာတွေဆီ သွားလည်ဖို့ (၆) ရက်၊ (၁၆) နာရီနဲ့ (၁၄) မိနစ် အချိန်ယူခဲ့ရတာပါ။

ဒီခရီးစဉ်မှာ ဂျေမီက တိုက်ကြီး (၄) တိုက်ဖြတ်သွားရပြီး နိုင်ငံ ၉ နိုင်ငံ ရောက်ခဲ့တယ်၊ လေကြောင်း ၁၃ ခု စီးရတယ်၊ တက္ကစီ ၁၆ ခါ စီးရတယ်၊ ဘတ်စ်ကား (၉) စီး၊ ရထား (၄) စီး၊ တိုဗဂ္ဂန် (၁) ခါ စီးရတယ်၊ ၂၂၈၅၆ မိုင်လောက် သွားခဲ့ရပါတယ်။ သူ့ရဲ့ခရီးစဉ်ကို တရုတ်မဟာတံတိုင်းကနေ စတင်ခဲ့ပါတယ်။ ပြီးရင် တာ့ဂျ်မဟာရ်ကို သွားခဲ့တယ်။ အဲဒီနောက် ဂျော်ဒန်ကို သွားပြီး ပီထရာမြို့ကို ဘတ်စ်ကားစီးသွားခဲ့တယ်။ အဲဒီကနေ ကိုလော့စီယမ်ဆီ လည်ပတ်ဖို့ ရောမကို သွားခဲ့တယ်။ အဲဒီကို သွားပြီးတော့ Christ the Redeemer ကို တွေ့ရဖို့ ဘရာဇီးကို သွားခဲ့တယ်။ အဲဒီကတဆင့် ပီရူးက မာချူးပီချူးကိုသွားခဲ့ပြီး မက္ကဆီကိုက ChichénItzá Itzá ရှေးဟောင်းသုတေသနပြုလုပ်ရာနေရာမှာ ခရီးစဉ်အဆုံးသတ်ခဲ့ပါတယ်။

Travelport ခရီးသွားကုမ္ပဏီက သူတို့ရဲ့ Travelport+ ပလက်ဖောင်းကို စမ်းသပ်ဖို့ ဂျေမီကို စိန်ခေါ်ခဲ့ပြီး ခရီးစဉ်တစ်လျှောက်လုံး ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျေမီရဲ့စံချိန်တင်ခရီးအတွက် အဓိကလှုံ့ဆော်မှုက သူ့ရဲ့ပရဟိတအဖွဲ့အစည်း Superhero Foundation အတွက် ရန်ပုံငွေရှာဖို့ပါပဲ။ သူ့ရဲ့ပထမသက်တမ်း ၉ နှစ်က Syringomyelia လို့ခေါ်တဲ့ ရှားပါးကျောရိုးရောဂါအခြေအနေကြောင့် ဆေးရုံမှာ နေခဲ့ရတာများခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က သူ့အတွက် အရမ်းလုပ်ပေးခဲ့တဲ့ ဆေးရုံတွေကို ပြန်ပေးဆပ်ဖို့အတွက် ရန်ပုံငွေစပြီးရှာခဲ့တာပါ။

သူက ဘန်ကောက်ကနေ ဗြိတိန်ရဲ့ Gloucester မြို့လေးဆီ မိုင် ၁၄၀၀၀ စက်ဘီးစီးနှင်တာ (သို့) ကနေဒါနိုင်ငံတစ်ဝှမ်း မိုင် ၅၀၀၀ ပြေးတာတွေလုပ်ခဲ့ပါတယ်။ ၁၂ ရက်အတွင်း မရပ်မနား စက်ဘီးစီးနှင်တာကြောင့် ကမ္ဘာ့ဂင်းနက်စ်စံချိန်လည်း ချိုးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ၇ ရက်အတွင်း ပြေးစက်ပေါ်မှာ ၅၂၄ မိုင် (တစ်နေ့ကို မာရသွန် ၃ ခု ပြေးတာနဲ့ညီမျှ) ပြေးနိုင်တဲ့အတွက် နောက်ထပ်ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့ပါသေးတယ်။

Ref: Brit sets world record by visiting every world wonder in less than a week

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top