ဗြိတိန်ကုမ္ပဏီတွေကို ဟွာဝေးရဲ့ 5G ကွန်ရက်ကိရိယာတွေ ဝယ်ယူခွင့် ပိတ်ပင်

15-7-2020-yyl-009.jpg

ဗြိတိန်နိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့ လာမယ့်ဒီဇင်ဘာလ ၃၁ ရက်နောက်ပိုင်း ဟွာဝေး(Huawei)ကုမ္ပဏီရဲ့ 5G ကွန်ရက် ကိရိယာသစ်တွေကို ဝယ်ယူခွင့်မရှိသလို ၂၀၂၇ ခုနှစ်နောက်ဆုံးထားပြီး သူတို့ရဲ့ကွန်ရက်တွေမှာ အသုံးပြုနေတဲ့ ဟွာဝေးကုမ္ပဏီရဲ့ 5G ကွန်ရက်ကိရိယာအားလုံးကို ဖယ်ရှားဖို့ ဗြိတိန်အစိုးရက ကြေညာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ဒစ်ဂျစ်တယ်ဌာန ဝန်ကြီး အိုလီဗာဒေါဒင်က အဲဒီဆုံးဖြတ်ချက်ကို အောက်လွှတ်တော်မှာ ကြေညာခဲ့တာပါ။ ဟွာဝေးကုမ္ပဏီက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ ဗြိတိန်အစိုးရက အခုလို ဆုံးဖြတ်ခဲ့တာပါ။

ဟွာဝေးကုမ္ပဏီကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ အခုဆုံးဖြတ်ချက်ကြောင့် ဗြိတိန်နိုင်ငံရဲ့ 5G နည်းပညာ စတင်မိတ်ဆက်မယ့်အချိန်ကတော့ တစ်နှစ်နောက်ကျသွားမှာဖြစ်သလို ပေါင် ၂ ဘီလျံအထိ ထိခိုက်ဆုံးရှုံးရနိုင်တယ်လို့ အိုလီဗာဒေါဒင်က ဆိုပါတယ်။ အင်တာနက်မြန်နှုန်းမြင့်မားပြီး ကြိုးမဲ့ဆက်သွယ်ရေးကိရိယာတွေကို ပံ့ပိုးပေးနိုင်တဲ့ 5G နည်းပညာဟာ မိုဘိုင်းဂိမ်းကစားတာကအစ အရည်အသွေးမြင့်ဗီဒီယိုတွေ ထုတ်လွှင့်ပြသမှုအဆုံး အရာအားလုံးအတွက် အကျိုးရှိစေမယ့်အရာပါ။ ဗြိတိန်နိုင်ငံရဲ့ မြို့ပေါင်းတစ်ဒါဇင်လောက်မှာ 5G ကွန်ရက်တွေ အသုံးပြုနေကြပေမဲ့ အသုံးပြုခွင့်ရသူအရေအတွက်ကတော့ နည်းပါးလွန်းပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top