အမေရိကန်နိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ ထိပ်တန်းခေါင်းဆောင် သေဆုံး

2.jpg

အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ကွက်တပ်ဖွဲ့(Quds Force)ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆိုလေမာနီ သေဆုံးခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ညွှန်ကြားချက်အရ ဆိုလေမာနီကို သတ်ခဲ့တာလို့ ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုပါတယ်။ ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းတိုက်ခိုက်ခံရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီးနောက် ဆိုလေမာနီ သေဆုံးတဲ့သတင်းကို ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုခဲ့တာပါ။ အမေရိကန်ရဟတ်ယာဉ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆိုလေမာနီ သေဆုံးခဲ့တယ်လို့ အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဘဂ္ဂဒက်လေဆိပ် တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်မှာ ဆိုလေမာနီနဲ့ အီရတ်ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် အယ်မူဟန်ဒီ အပါအဝင် လူတော်တော်များများ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အီရတ်ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင် တော်တော်များများက အမေရိကန်တပ်ဖွဲ့တွေက ထိန်းသိမ်းထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ အဲဒီသတင်းတွေကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို ဆန္ဒပြသူတွေ ဝိုင်းခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ
ဘဂ္ဂဒက်လေဆိပ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ဆိုလေမာနီဟာ ၁၉၉၈ ခုနှစ်ကတည်းက ကွက်တပ်ဖွဲ့ကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ကွက်တပ်ဖွဲ့ဟာ ပြည်ပလျှို့ဝှက်စစ်ဆင်ရေးတွေ လှုပ်ရှားတဲ့တပ်ဖွဲ့ပါ။ ဆီးရီးယားပြည်တွင်းစစ်မှာ အီရန်နိုင်ငံကို လိုလားတဲ့ သမ္မတအာဆတ် အားကောင်းလာစေရေး၊ အီရတ်နိုင်ငံမှာ IS အဖွဲ့ကို ဆန့်ကျင်တိုက်ခိုက်ရေး စတဲ့ လှုပ်ရှားမှုတွေမှာ ဆိုလေမာနီက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top