၂ဝ၂ဝခုနှစ်တွင် “မြန်မာစပါးအုံး” အောင်လအန်ဆန်ထံမှ ပရိသတ်များ မျှော်လင့်နိုင်သည့် အရာ ၄ ခု

yyl-009-8.jpg

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်သည် ONE Championship ၏ ဝိတ်တန်းနှစ်ခုချန်ပီယံ “မြန်မာစပါးအုံး” အောင်လအန်ဆန် အတွက် အောင်မြင်ခဲ့သည့် နှစ်တစ်နှစ်ဟု ဆိုနိုင်သည်။ ဝိတ်တန်းနှစ်ခုစလုံး၏ ချန်ပီယံခါးပတ်များကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည့် အပြင် တစ်နှစ်တာ နိုင်ငံတကာ အကောင်းဆုံး ကစားသမားဆုကိုလည်း နာမည်ကြီး UFC ချန်ပီယံများကို ကျော်ဖြတ်ကာ ရရှိခဲ့သည်။ ONE Championship နှင့်ပါ နောက်ထပ် ၁ဝ ပွဲ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည့် အောင်လအန်ဆန်အတွက် ၂ဝ၂ဝ သည် စိန်ခေါ်မှုအသစ်များ ပြည့်နေသည့် နှစ်တစ်နှစ်ဖြစ်သည်။ ယင်းနှစ်အတွင်း အောင်လအန်ဆန်ထံမှ ပရိသတ်များမျှော်လင့်နိုင်သည့် အရာများကို သုံးသပ် တင်ပြလိုက်ရပါသည်။

(၁) ရင်သပ်ရှုမောဖွယ် ချန်ပီယံကာကွယ်ပွဲများ

အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ ခါးပတ်များကို သိမ်းပိုက်ထားသူ ဖြစ်သော်လည်း လိုက်ဟဲဗီးဝိတ်တန်းသည် ONE Championship တွင် ကစားသမား အနည်းဆုံးဝိတ်တန်းတစ်ခုဖြစ်သဖြင့် လက်ရှိတွင် စိန်ခေါ်နိုင်သူ မရှိသလောက် ဖြစ်သွားပြီ ဖြစ်သည်။ ယမန်နှစ်က တန်းဆင်းစိန်ခေါ်ခဲ့သည့် ONE ဟဲဗီးဝိတ်ချန်ပီယံ Brandon “The Truth” Vera ကလည်း နောက်တစ်ကြိမ် စိန်ခေါ်မည် မဟုတ်တော့သလို ၎င်း၏ ဟဲဗီးဝိတ်ခါးပတ်ကိုလည်း အောင်လအန်ဆန်က စိန်ခေါ်လိုသည့် ဆန္ဒ မရှိသဖြင့် ယင်းဝိတ်တန်းများတွင် နောက်ထပ်ပွဲများကစားရန် အခွင့်အလမ်း နည်းသွားပြီ ဖြစ်သည်။

သို့သော် မစ်ဒယ်ဝိတ်တန်းတွင် အောင်လအန်ဆန်၏ ချန်ပီယံနေရာကို စိန်ခေါ်လိုသည့် ကစားသမားအများအပြားက စောင့်ကြိုလျက် ရှိသည်။ ရှုံးပွဲလုံးဝမရှိသေးသည့် နယ်သာလန်သား Reinier “The Dutch Knight” De Ridder, လက်စွမ်းထက်သည့် ဘရာဇီးသား Leandro “Leo” Ataides, ချန်ပီယံဟောင်း ရုရှားကစားသမား Vitaly Bigdash နှင့် တရုတ်နာမည်ကြီး ကစားသမား “King Kong Warrior” Fan Rong တို့မှာ ချန်ပီယံ စိန်ခေါ်နိုင်ချေ အမြင့်ဆုံးသူများ ဖြစ်ကြသည်။ ထို့ပြင် ONE ဝယ်တာဝိတ်တန်း ချန်ပီယံ Kiamrian “Brazen” Abbasov ကလည်း အောင်လအန်ဆန်ကို စိန်ခေါ်လိုကြောင်း ထုတ်ပြောခဲ့ဖူးသဖြင့် စိတ်ဝင်စားဖွယ် မစ်ဒယ်ဝိတ် ချန်ပီယံ စိန်ခေါ်ပွဲများ ပြည့်နေသည့် နှစ်တစ်နှစ် ဖြစ်လာမည် ဖြစ်သည်။

(၂) လူမှုအသိုင်းအဝိုင်း အတွက် အကျိုးပြုမှုများ

ONE Championship ၏ ကစားသမားအများစုသည် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးအတွက် တတ်စွမ်းသမျှ ပါဝင်ကူညီ ဆောင်ရွက် နေကြသူများ ဖြစ်သည်နှင့်အညီ အောင်လအန်ဆန်သည်လည်း ၎င်း၏ အောင်မြင်ကျော်ကြားမှုကို အသုံးချကာ လူမှုအသိုင်းအဝိုင်း အတွက် အကျိုးပြုပေးနေသူ ဖြစ်သည်။ လက်ရှိတွင် အောင်လအန်ဆန်သည် ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (WWF)၏ တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်ကူးမှု ဆန့်ကျင်ရေးသံတမန် ဖြစ်သလို မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း သံတမန်လည်း ဖြစ်သည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် နှစ်များအတွင်း ကချင်ပြည်နယ်မှ စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ ဖူးသလို Global Citizen နှင့် ပူးပေါင်းကာ ကျောင်းပြင်ပရောက်နေသည့် ကလေးများအား ပညာသင်ကြားပေးရေး ရွေ့လျား စီမံကိန်း (myME) အတွက်လည်း အားပေးကူညီခဲ့ဖူးသည်။ ဥရောပယူနီယံ (EU) နှင့်လည်း ပူးပေါင်းကာ အိမ်တွင်း အကြမ်းဖက်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့ဖူးသူ အောင်လအန်ဆန်သည် ၂ဝ၂ဝ ခုနှစ် အတွင်းတွင်လည်း အလားတူ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုမည့် လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်သည်။

(၃) မြန်မာကစားသမားများကို ပံ့ပိုးမှုများ

မြန်မာနိုင်ငံတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားဆိုသည်ကို ONE Championship နှင့် အောင်လအန်ဆန်တို့၏ ပုံရိပ်ကြောင့် ပရိသတ်များ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်ကို အတုယူ အားကျကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို လေ့လာလိုက်စား လိုသည့် မျိုးဆက်သစ် ကစားသမားများလည်း အများအပြား ပေါ်ထွက်ခဲ့သည်။ လက်ရှိ ONE Championship တွင်ပင် ပုံမှန်စာချုပ်ချုပ်ဆိုကာ ပါဝင်ကစားနေသည့် မြန်မာ ကစားသမား အချို့ရှိနေပြီး ယင်းကစားသမား အားလုံး နီးပါးကို အောင်လအန်ဆန်က တတ်စွမ်းသမျှ ကူညီပံ့ပိုးပေးခဲ့သည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့်နှစ်တွင် ONE Championship သို့ စရောက်လာသည့် ချင်းလူမျိုး “Dragon Leg” တီရယ်ထန်း ကို ၎င်း၏ Hard Knocks 365 ကလပ်တွင်ပင် အတူတကွ လေ့ကျင့်ပေးလျက် ရှိပြီး ထူးချွန်သည့် ကစားသမားတစ်ဦးဖြစ်အောင် ပျိုးထောင်ပေး လျက်ရှိသည်။ ထို့ပြင် ဖယ်သာဝိတ်တန်း၏ အလဲထိုးနိုင်ပွဲ အများဆုံး ကစားသမား “ဘူရှီဒို” ဖိုးသော် နှင့် တစ်ဦး တည်းသော မြန်မာ အမျိုးသမီးကစားသမား ဘိုဇီနာ “တိုတို” အန်တိုနီယာ တို့ကို နည်းစနစ်ပိုင်းပံ့ပိုးမှုများ၊ အကြံဉာဏ်ပေးမှုများ ပြုလုပ်လျက် ရှိရာ ၂ဝ၂ဝ ခုနှစ် အတွင်းတွင်လည်း မြန်မာကစားသမားများအပေါ် အောင်လအန်ဆန်၏ လက်တွဲခေါ်ယူ ပံ့ပိုးမှုများကို ဆက်လက် တွေ့မြင်ရဖွယ် ရှိနေသည်။

(၄) စံထားအတုယူဖွယ် ဘဝနေထိုင်မှု ပုံရိပ်များ

အောင်လအန်ဆန်သည် မြန်မာနိုင်ငံတွင် အားကစားသမား တစ်ယောက်ထက် ပို၍ နိုင်ငံ့ သူရဲကောင်းတစ်ဦးပမာ ချီးမြှောက်ခံထားရသူ ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ကဲ့သို့ နိုင်ငံ့ခေါင်းဆောင်များ ကိုယ်တိုင် အသိအမှတ်ပြု ချီးမြှောက်ကြသလို ကချင်ပြည်နယ်တွင် ၎င်း၏ ပုံတူရုပ်တုကိုပင် သွန်းလုပ် ဂုဏ်ပြုခြင်း ခံထားရသူ ဖြစ်သည်။ ၎င်း၏ဂုဏ်ပုဒ်များ အတွက် ဝံ့ကြွားခြင်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကာ ပရိသတ်များ အားလုံးကို တလေးတစား ဆက်ဆံတတ်သူ ဖြစ်သည်။

ထို့ထက်ပို၍ ချီးကျူးစရာ ကောင်းသည်မှာ အောင်လအန်ဆန်သည် မိသားစုအပေါ် ဦးစားပေးပြီး ခင်ပွန်းကောင်း တစ်ဦး၊ ဖခင်ကောင်း တစ်ဦး ပီသအောင် နေထိုင်နေခြင်းပင် ဖြစ်သည်။ လတ်တလောတွင် ဇနီးဖြစ်သူ ကေတီသည် သားကြီး အောင်ဒီအပြင် နောက်ထပ် ရင်သွေး တစ်ဦးကိုပါ ကိုယ်ဝန် လွယ်ထားရပြီး ၂ဝ၂ဝ အတွင်းတွင် ဒုတိယ ရင်သွေးလေး ရတော့မည် ဖြစ်သည်။ အောင်လအန်ဆန် သည် ၎င်း၏ မိသားစုအပေါ် တန်ဖိုးထားပြီး ဂရုစိုက်တတ်ပုံကို နိုင်ငံတကာ မီဒီယာများ ပေါ်တွင်ပင် မကြာခဏ တွေ့ရလေ့ ရှိသည်။ ၂ဝ၂ဝ ခုနှစ် အတွင်းတွင်လည်း အောင်လအန်ဆန်၏ အတုယူဖွယ် ဘဝနေထိုင်မှု ပုံရိပ်များကို ပရိသတ်များ မြင်တွေ့ကြရ ဦးမည် ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top