ထိုင်းအာဏာပိုင်တွေ ရှာမတွေ့တဲ့ ကားထဲက မူးယစ်ဆေးဝါးကို စက်ပြင်ဆရာက တွေ့ရှိ

thai01.jpg

အမ်ဖီတာမင်းဆေးပြားသောင်းချီ ဝှက်ထားတဲ့ ကားတစ်စီးကို မတော်တဆ လေလံတင်ရောင်းချမိခဲ့တဲ့ဖြစ်ရပ်အတွက် ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့က တောင်းပန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က မူးယစ်ဆေးဝါးမှုနဲ့ သိမ်းဆည်းခဲ့တဲ့ Honda CR-V ကားကို ဒီလအတွင်း လေလံတင်ခဲ့ရာမှာ ဘတ်ငွေ ၅၈၆၀၀၀ (အမေရိကန်ဒေါ်လာ ၁၉၀၀၀)နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကားဝယ်သူက ပြင်ဆင်မွမ်းမံ ဖို့အတွက် ကားဝပ်ရှော့ထံ ပို့ခဲ့ရာမှာ စက်ပြင်ဆရာက ကားဘမ်ပါထဲကနေ အမ်ဖီတာမင်းဆေးပြား ၉၄၀၀၀ တွေ့ရှိခဲ့တာပါ။ မက်သမ်ဖီတာမင်းနဲ့ ကဖိန်း ရောစပ်ထားတဲ့ ဆေးပြားတွေကို အမ်ဖီတာဖင်း(သို့)ယာဘလို့ ခေါ်ဆိုပါတယ်။ အဲဒီကားရဲ့ ဘမ်ပါအောက် အံဝှက်ထဲမှာ ဝှက်ထားတဲ့ ပုံးတွေထဲကနေ ယာဘဆေးပြားတွေ တွေ့ရှိခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်မှာ အဲဒီကားကို သိမ်းဆည်းခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ယာဘဆေးပြား ၁၀၀၀၀၀ တွေ့ရှိခဲ့ ပါတယ်။ အခုတွေ့ရှိခဲ့တဲ့ ဆေးပြားတွေကို ဒီအမှုမှာ ထပ်ပေါင်းထည့်သွားမယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး ညွှန်ကြား ရေးမှူးချုပ် နီယွန်က ပြောပါတယ်။ ထိုင်းအာဏာပိုင်တွေက ၂၀၁၈ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၅၁၆ သန်းအထိ သိမ်းဆည်းရမိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top