အောင်လအန်ဆန်နှင့် Brandon Vera တွေ့ဆုံမှုမှ ထူးခြားချက် ၄ ခု

qew.png

ONE Championship ၏ ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ Brandon “The Truth” Vera နှင့် ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ “မြန်မာ စပါးအုံး” အောင်လအန်ဆန် တို့သည် လာမည့် အောက်တိုဘာလတွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် ONE: Century ပြိုင်ပွဲကြီးတွင် ထိပ်တိုက်ရင်ဆိုင် ကြရမည် ဖြစ်သည်။ ယင်းပွဲသည် အောင်လအန်ဆန် သိမ်းပိုက်ထားသည့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ ခါးပတ်အတွက် Vera က စိန်ခေါ်ခဲ့ခြင်းလည်း ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင် ကြတော့မည့် အဆိုပါ ပြိုင်ပွဲ၏ ထူးခြားချက်များ အကြောင်းကို စုစည်းတင်ပြ လိုက်ရပါသည်။

(၁) လိုက်ဟဲဗီးဝိတ်တန်း၏ ပထမဆုံး ချန်ပီယံကာကွယ်ပွဲ

ONE Championship သည် ၎င်းတို့၏ ၈ နှစ်တာ ပြိုင်ပွဲသက်တမ်းအတွင်း ချန်ပီယံကာကွယ်ပွဲ တစ်ကြိမ်မှ ကျင်းပခွင့်မရခဲ့သော ဝိတ်တန်း တစ်ခုရှိသည်။ အဆိုပါ ဝိတ်တန်းမှာ လက်ရှိ အောင်လအန်ဆန် ချန်ပီယံရွှေခါးပတ် သိမ်းပိုက်ထားသည့် လိုက်ဟဲဗီးဝိတ်တန်း ဖြစ်သည်။ လိုက်ဟဲဗီးဝိတ်တန်းသည် ကစားသမားအများစု ပိုမိုအားသန်သည့် မစ်ဒယ်ဝိတ်နှင့် ဟဲဗီးဝိတ်တန်း ကြားတွင်ရှိပြီး ကိုယ်အလေးချိန် အမြင့်ဆုံး ၂၂၅ ပေါင် (၁ဝ၂ ကီလို) ရှိသူများ ပါဝင်ယှဉ်ပြိုင်ကြသည့် ဝိတ်တန်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ဝိတ်တန်းသည် ONE Championship ၏ ပြိုင်ပွဲဝင် အနည်းဆုံး ဝိတ်တန်းဖြစ်ကာ ပုံမှန် ကစားသမား ၂ ဦးခန့်သာ ရှိသည်။

ယင်းဝိတ်တန်းတွင် ပထမဆုံး ချန်ပီယံဖြစ်ခဲ့သူမှာ ဘရာဇီး နိုင်ငံသား Roger Gracie ဖြစ်ပြီး ၂ဝ၁၆ မေလက ကျင်းပခဲ့သော် ONE: Ascent to Power ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ Gracie သည် ယင်းချန်ပီယံ ခါးပတ်ကို ၅၂၇ ရက်ကြာ ထိန်းသိမ်းခဲ့ ပြီးနောက် ကစားသမားဘဝမှ အနားယူသွားသဖြင့် ယင်းနေရာတွင် လစ်လပ်သွားခဲ့သည်။ ထို့ကြောင့် အောင်လအန်ဆန်နှင့် Alexandre Machado တို့ အဆိုပါ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်ခဲ့ရာ အောင်လအန်ဆန်က အနိုင်ရခဲ့ပြီး ဝိတ်တန်း၏ ဒုတိယမြောက် ချန်ပီယံ ဖြစ်လာခဲ့သည်။ အောင်လအန်ဆန်သည် ယင်းချန်ပီယံ ခါးပတ်ကို ရက်ပေါင်း ၅ဝဝ ကျော် ကြာ ထိန်းသိမ်းပြီးသည့် နောက်တွင် Vera နှင့် ပထမဆုံး ချန်ပီယံ ကာကွယ်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

(၂) ချန်ပီယံ ကာကွယ်ပွဲတိုင်း အနိုင်ရခဲ့ဖူးသူတို့ တွေ့ဆုံမှု

အောင်လအန်ဆန်ရော Vera ပါ ၎င်းတို့ လတ်တလော သိမ်းပိုက်ထားသော ရွှေခါးပတ်များအတွက် ချန်ပီယံကာကွယ်ပွဲများ ထိုးသတ်ခဲ့ကြဖူးသည်။ အသက် ၃၄ နှစ်ရှိသူ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် စိန်ခေါ်လာသည့် ဂျပန်နိုင်ငံသား Ken Hasegawa နှင့် ၂ ကြိမ်၊ လက်ဘနွန် နိုင်ငံသား Mohammad Karaki နှင့်တစ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။ Hasegawa နှင့် မြန်မာနိုင်ငံတွင် တစ်ကြိမ်၊ ဂျပန်နိုင်ငံတွင် တစ်ကြိမ်ဆုံတွေ့ခဲ့ပြီး နှစ်ပွဲစလုံး အောင်လအန်ဆန်က အလဲထိုးအနိုင်ရခဲ့သည်။ Karaki နှင့် ပွဲတွင်လည်း ပထမအချီတွင်ပင် အလဲထိုးကာ အနိုင်ရခဲ့သဖြင့် အောင်လအန်ဆန်က ၎င်း၏ ချန်ပီယံ ခါးပတ်ကို ဆက်လက် ထိန်းသိမ်းခွင့် ရခဲ့ခြင်း ဖြစ်သည်။

အလာတူ Vera သည်လည်း ဟဲဗီးဝိတ်တန်းတွင် ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ချန်ပီယံကာကွယ်ပွဲအဖြစ် စိန်ခေါ်လာသူ နှစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည်။ Vera သည် ဂျပန် ကစားသမားကြီး Hideki Sekine ကိုရော၊ အီတလီ ကစားသမား Mauro Cerilli ကိုပါ ပထမအချီ အတွင်း အလဲထိုး အနိုင်ယူခဲ့ပြီး ၎င်း၏ ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။ Vera သည် ONE Championship ရောက်ပြီးသည့် နောက်ပိုင်းတွဲဆိုင်း လေးပွဲ ကစားအပြီး လေးပွဲစလုံး အနိုင်ရခဲ့သူလည်းဖြစ်သည်။ ထိုသို့ ချန်ပီယံ ခါးပတ်များ အတွက် ရှုံးပွဲမရှိ ဆက်တိုက် အနိုင်ယူခဲ့သူ နှစ်ဦး ထိပ်တိုက်တွေ့သည့်ပွဲ ဖြစ်သဖြင့် အကြိတ်အနယ် ရှိမည်ဖြစ်သည်။

(၃) ကစားသမား နှစ်ဦး၏ တူညီသော အချက်များ

အောင်လအန်ဆန်ရော Vera ပါ ၎င်းတို့ဘဝတွင် တူညီသော အချက်များစွာ ရှိကြသည်။ အဆိုပါ အချက်များထဲမှ စိတ်ဝင်စားဖွယ် အချက် အချို့မှာ ကစားသမား နှစ်ဦးစလုံး မိမိတို့၏ မွေးရပ်မြေတွင် အခြေမစိုက်ဘဲ နိုင်ငံရပ်ခြားတွင် ပြောင်းရွှေ့ အခြေစိုက် နေကြသူများ ဖြစ်ခြင်း၊ အမေရိကန် နိုင်ငံမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများ ဝင်ရောက် လက်စွမ်းပြခဲ့ ပြီးမှ ONE Championship သို့ ရောက်ရှိလာသူ ဖြစ်ခြင်း၊ မိသားစု အပေါ် ချစ်ခင်တွယ်တာ ကြသူများ ဖြစ်ခြင်း၊ လူမှု အကျိုးပြု ပရဟိတ လုပ်ငန်းများ ပြုလုပ်တတ်သူ ဖြစ်ခြင်း စသည့် အချက်များ တူညီလျက် ရှိသည်။

ထို့ပြင် နောက်ထပ် ထူးထူးခြားခြား တိုက်ဆိုင်သည့် အချက်တစ်ချက်မှာ အောင်လအန်ဆန်ရော Vera ပါ ၎င်းတို့၏ ကစားသမား ဘဝ တစ်လျှောက် အလဲထိုး နိုင်ပွဲ ၁၁ ပွဲစီ ရှိခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် Vera ထက် အသက် ၈ နှစ်ခန့် ပိုငယ်သော်လည်း ၎င်းယှဉ်ပြိုင် ခဲ့သည့် ပွဲအရေအတွက်သည် Vera ထက် ၁၂ ပွဲ ပိုများသည်။ Vera က ၂၄ ပွဲသာ ယှဉ်ပြိုင်ခဲ့ဖူးပြီး အောင်လအန်ဆန်က ၃၆ ပွဲ အထိ ယှဉ်ပြိုင်ခဲ့ဖူး သောကြောင့် ဖြစ်သည်။ Vera က ၁၆ ပွဲနိုင်၊ ၇ ပွဲရှုံး၊ ၁ ပွဲပယ်ဖျက် ရလဒ် ရှိထားပြီး အောင်လအန်ဆန်က ၂၅ ပွဲနိုင်၊ ၁ဝ ပွဲရှုံး၊ ၁ ပွဲ ပယ်ဖျက် ရလဒ် ရှိထားသည်။

(၄) ONE Championship ရာပြည့်ပွဲ၏ အဓိက တွဲဆိုင်း

လာမည့် အောက်တိုဘာလ အတွင်း ကျင်းပမည့် ONE: Century ပြိုင်ပွဲသည် ONE Championship ၏ ရာပြည့်ပွဲ အဖြစ် ကျင်းပသော ပြိုင်ပွဲကြီး ဖြစ်သည်။ ထို့ကြောင့် ပုံမှန်ကျင်းပနေကျ အစီအစဉ်များအပြင် ပရိသတ်များနှင့် တွေ့ဆုံပွဲကဲ့သို့သော အထူး အစီအစဉ်များ ပါဝင်သည်။ ယင်းပြိုင်ပွဲကြီးတွင် ကမ္ဘာ့ချန်ပီယံ လုပွဲ ၃ ပွဲအထိ ထည့်သွင်းကျင်းပရန် စီစဉ်ထား သည့်အနက် အောင်လအန်ဆန်နှင့် Vera တို့ တွဲဆိုင်းမှာ အဓိက တွဲဆိုင်းဖြစ်သည်။ ယင်းတွဲဆိုင်းကို ယှဉ်ပြိုင်ရန် လွန်ခဲ့သည့် မတ်လ အတွင်းက ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သော ONE: A New Era ပြိုင်ပွဲ ကတည်းက စိန်ခေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲအပြင် အခြား လျာထားသည့် တွဲဆိုင်းများမှာ Angela Lee နှင့် Xiong Jing Nan တို့၏ အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ၊ Bibiano Fernandes နှင့် Kevin Belingon တို့၏ ဘက်တန် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ၊ လိုက်ဝိတ်တန်း ဂရင်းပရီ ဗိုလ်လုပွဲ၊ ဖလိုင်းဝိတ်တန်း ဂရင်းပရီ ဗိုလ်လုပွဲနှင့် ဖယ်သာဝိတ်တန်း Kickboxing ဂရင်းပရီ ဗိုလ်လုပွဲတို့ကိုပါ ထည့်သွင်း ကျင်းပသွားမည် ဖြစ်သည်။

ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ONE Championship၏ ONE Super App https://www.onefc.com/download-app/ တွင် အခမဲ့ ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top