မြန်မာပရိသတ်တွေကြွေနေရတဲ့ နန်းဆန်အောင်လှသူလေး ဂူဂူး (လုရီဖေး)

yyl-023-10.jpg

တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ သိန်းငှက်သူရဲကောင်းတရုတ်ဇာတ်လမ်းတွဲကို မကြည့်ဘူးတဲ့ပရိသတ်မရှိဘူးမလား။ ကော်အယ်နဲ့ ဂူဂူးဆိုပြီး မြန်မာပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ပြောစမှတ်ပြုခဲ့ကြတယ်ဟုတ်..။ ဒါပေမဲ့ ကော်အယ်ထက် ဂူဂူးဆိုတဲ့ ဇာတ်ကောင်ကို ပိုကြိုက်ခဲ့ကြမှာပါ။ ဂူဂူးဆိုတဲ့ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ လုရီဖေး (Liu Yifei) က အခုထိ မြန်မာပရိသတ်တွေရဲ့အသည်းစွဲဖြစ်နေတုန်းပါပဲ။

လုရီဖေးအကြောင်းကို ပရိသတ်တွေသိပြီးသားဖြစ်ပေမဲ့ ပြန်အမှတ်ရအောင် သူ့အကြောင်းလေးအနည်းငယ်ပြန်ပြောပြပေးပါရစေ။ လုရီဖေးက တရုတ်နိုင်ငံမှာသာမက နိုင်ငံတကာမှာပါ အရမ်းပေါ်ပြူလာဖြစ်တဲ့ မင်းသမီးချောလေးပါ။ အသက် (၃၂) နှစ်လို့မထင်ရလောက်အောင် နတ်သမီးလေးတစ်ပါးလို လှပတဲ့မင်းသမီးတစ်လတ်ဖြစ်တဲ့အပြင် အရမ်းလည်းချစ်စရာကောင်းသူတစ်ဦးပါ။ အနုပညာလောကထဲကို သရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော်အနနဲ့ ၂၀၀၂ခုနှစ်က ဝင်ရောက်ခဲ့တာပါ။ အခုဆို အနုပညာသက်တမ်း (၁၇) နှစ်ရှိပြီး ဟောလိဝုဒ်အထိတောင် ခြေဆန့်နိုင်တဲ့ မင်းသမီးလည်း ဖြစ်နေပါပြီ။

လုရီဖေးဟာ တစ်ဦးတည်းသောသမီးဖြစ်ပြီး ငယ်နာမည်က “အာဖန်” ပါ။ သူ့အသက် (၁၁) နှစ်အရွယ်မှာ သူ့မိဘတွေ ကွာရှင်းခဲ့ပြီးတဲ့နောက်မှာသူ့အမေရဲ့မျိုးရိုးနာမည်ယူပြီး Liu Zimeizi အဖြစ်ပြောင်းပစ်ခဲ့ပါတယ်။ အဲဒီနောက် သူတို့သားအမိ နယူးယောက်ကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှာ တရုတ်နိုင်ငံကို ပြန်လာခဲ့ပြီး လုရီဖေးနာမည်နဲ့ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာပါ။အဲဒီအချိန်တုန်းက သူ့အသက် (၁၅) နှစ်ပဲရှိပါသေးတယ်။

လုရီဖေးက ၂၀၁၇ခုနှစ်ရဲ့ Forbes China Celebrity အယောက်တစ်ရာစာရင်းမှာ (၂၃) နေရာရရှိခဲ့သလို၂၀၁၉ခုနှစ်မှာလည်း (၈၉) နေရာကို ရရှိထားပါတယ်။ လုရီဖေးနဲ့ ပတ်သက်ပြီး မြန်မာပရိသတ်တွေမှတ်မှတ်ရရဖြစ်တာကတော့ ဂျွန်စောလို့ သိထားကြတဲ့ ကိုရီးယားမင်းသားဆောင်ဆန်းဟွန်းနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ကို ပရိသတ်တွေအရမ်းသဘောတူခဲ့ကြပေမဲ့ နှစ်ယောက်လုံးက အလုပ်အချိန်ဇယားတွေများပြီး အချင်းချင်းအချိန်မပေးနိုင်တဲ့အတွက်လမ်းခွဲလိုက်ကြပါတယ်။

လုရီဖေးက အရည်အချင်းရှိတဲ့မင်းသမီးဖြစ်တာကြောင့် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာလည်း ဆုများစွာရရှိထားတဲ့သူဖြစ်ပါတယ်။ ဒါအပြင့် The Forbidden Kingdom, Outcast, The Chinese Widow အစရှိတဲ့အင်္ဂလိပ်ဇာတ်ကားတော်တော်များများမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ အခုလည်း သူဟာ Disney ရဲ့နာမည်ကြီးကာတွန်းဇာတ်ကောင် မူလန်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူက ဒီဇာတ်ရုပ်အတွက် ဝင်ရောက်ယှဉ်ပြိုင်သူ (၁၀၀၀) နီးပါးထဲကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တွေက လုရီဖေးပါဝင်ထားတဲ့ Disney ရုပ်ရှင်ကားမူလန်ကို ၂၀၂၀ခုနှစ် မတ်လမှာ ကြည့်ရှုရတော့မှာပါ။ ဂူဂူး (လုရီဖေး)ကို မတွေ့ရတဲ့ကြာပြီးဖြစ်တဲ့ မြန်မာပရိသတ်တွေအတွက် ၂၀၁၉ခုနှစ်အတွင်း ဓာတ်ပုံရိုက်ကူးရေးလုပ်ထားတဲ့ပုံတချို့ကို တင်ပေးလိုက်ရပါတယ်။

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top