အဆင့်သတ်မှတ်ချက်နိမ့်နေသော Regis မလေးရှားတွင် နိုင်ပွဲဆင်လို

image1.jpg

Regis သည် အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးရရှိထားသူဖြစ်သည်။ သို့သော် ဆစ်ဒနေမြို့သား Luis Regi အနေဖြင့် ယခုအပတ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ONE Championship ပွဲဦးထွက်ပြိုင်ပွဲတွင် အောင်မြင်မှုရယူရန်မှာ မဖြစ်နိုင်သည့်အရာမဟုတ်ဟု ယုံကြည်လျက်ရှိသည်။

အသက် ၃၃ နှစ်အရွယ် Regis သည် သူ၏ကစားသမားဘဝတလျောက်တွင် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမည့် ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီးသို့ မွေထိုင်းချန်ပီယံ Yodsanklai IWE Fairtex နှင့် ယှဉ်ပြိုင်ထိုးသတ်ရန် မလေးရှားနိုင်ငံသို့ ထွက်ခွာတော့မည်ဖြစ်သည်။

Regis သည် ကွာလာလမ်ပူရှိ Axiata Arena မိုးလုံလေလုံကစားကွင်းကြီးတွင် ပရိတ်သတ်ပေါင်း ၁၆၀၀၀ ခန့်၏ရှေ့၌ အဓိကပွဲစဉ်တွင် ယှဉ်ပြိုင်ကစားသွားမည့်ဖြစ်ကာ၊ ၎င်းပွဲကို ကမ္ဘာတစ်ဝှမ်းရှိသန်းပေါင်းများစွာသော ပရိတ်သတ်များထံသို့လည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ဩစတေးလျနိုင်ငံသား မွေထိုင်းကစားသမားဖြစ်သူ Regis သည် ယခုပွဲတွင် ကမ္ဘာ့အထူးချွန်ဆုံးကစားသမားများထဲမှ တစ်ဦးအပါအဝင်ဖြစ်သူနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် ၎င်းအတွက် ခက်ခဲသောပွဲတစ်ခုဖြစ်သည်။

“ဒီပြိုင်ပွဲဟာ ကျွန်တော် ရင်ဆိုင်ခဲ့ဖူးသမျှအားလုံးထဲမှာ အခက်အခဲဆုံးဖြစ်မှာပါ၊ ဒါပေမယ့် ကျွန်တော်က အရင်တုန်းကလည်း ‘ဒီတစ်ခါကတော့ ခက်ခဲမှာပဲ’လို့ ထင်မိခဲ့တဲ့ ပွဲတွေအများကြီးကို ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒီအတွေးတွေကပဲ ကျွန်တော့်ကို ပိုပြီးပြင်းပြင်းထန်ထန်ကြိုးစားဖို့ တွန်းအားတွေဖြစ်စေတာပါ”ဟု Regis က ဆိုသည်။

“ကျွန်တော်က အဆင့်သတ်မှတ်ချက်မှာ နောက်ဆုံးဖြစ်ပေမယ့် ကိစ္စမရှိပါဘူး၊ သဘောကျပါတယ်။ ဒီလိုအဆင့်မျိုးကို အရင်ကလည်းရဖူးပါတယ်။ ကျွန်တော်က ပြိုင်ဖက်တွေထက် ကစားခဲ့ဖူးတဲ့ ပွဲအကြိမ်ရေ ပိုနည်းပါတယ်၊ ကျွန်တော့်မှာ ထိုးသတ်ခဲ့ဖူးတဲ့ မှတ်တမ်းကောင်းများများစားစားမရှိတဲ့အပြင် အမြဲတမ်း ကိုယ့်ထက် အတွေ့အကြုံ ၅ ဆ၊ ၁၀ ဆလောက် ရှိတဲ့သူတွေနဲ့ပဲ ရင်ဆိုင်ရတတ်တယ်။ ကျွန်တော်က ပွဲပေါင်းသုံးဆယ်လောက်ပဲ အတွေ့အကြုံရှိခဲ့ပေမယ့် ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့သူတွေကတော့ ပွဲပေါင်းနှစ်ရာကျော်လောက်ထိ အတွေ့အကြုံရှိကြသူတွေပါ။ ကျွန်တော့်အမြင်မှာတော့ ဒီလိုယှဉ်ပြိုင်ရခြင့်ကြောင့်ကိုယ့်ကိုယ်ကိုပိုပြီး တိုးတက်စေတယ်လို့ ယုံကြည်ပါတယ်။ ဘယ်ကစားပွဲကမှ ကိုယ့်အတွက် အလဟဿမဖြစ်ပါဘူး” ဟု ဆိုသည်။

Yodsanklai သည် ချန်ပီယံခါးပတ်များစွာကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်သည့်အပြင် မွေထိုင်းအကျော်အမော်များစွာကိုလည်း အနိုင်ရရှိထားသူတစ်ဦးဖြစ်သည်။ ၎င်း၏ကစားပုံမှာ တိကျပြီး ကြမ်းတမ်းသော်လည်း Regis သည် မွေထိုင်းသူရဲကောင်း Yodsanklai ကို အလဲထိုးသွားနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။ “ကျွန်တော် အလဲထိုးနိုင်အောင် ကြိုးစားနေပါတယ်” ဟု Regis က ဆိုသည်။

“ကျွန်တော်က သူ့ရဲ့မေးစေ့ကို ထိုးနှက်နိုင်ဖို့ ကြိုးစားမှာပါ။ သူ အရင်တစ်ခေါက်က မေးစေ့ကို ချိုးခံရဖူးထားတာ ကျွန်တော်သိထားလို့ ဒီအခွင့်အရေးကို အမိအရ ယူချင်တာပါ။ ဒါပေမယ့် ဘယ်လိုအရာတွေပဲတွေ့ကြုံပါစေ ကျွန်တော်က အကောင်းဆုံးရင်ဆိုင်သွားမှာပါ။ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ အားလုံးအတွက် ပွဲကောင်းတစ်ပွဲဖြစ်မှာ သေချာပါတယ်”

Regis အဖို့ ဖိအားများရှိနေခြင်းသည် အောင်ျမင်မှုရစေမည့် သော့ချက်တစ်ခုဖြစ်နေပြီး Yodsanklai ကို ဖြိုလှဲနိုင်လိမ့်မည်ဟုလည်း ၎င်းက ယုံကြည်လျက်ရှိသည်။ “ကျွန်တော်က သူ့ဂွင်ထဲကို အရောက်ခံမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

“အရင်ကထက်စာရင် သူရဲ့လှုပ်ရှားမှုတွေက အတော်နှေးလာတယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူ့မှာလည်း ကျွန်တော်လေးစားနေရတဲ့ တိုက်ကွက်တွေ စွမ်းအားတွေ ရှိနေပါသေးတယ်။ ကျွန်တော်က အချိန်ကောင်းကိုစောင့်ပြီးတော့ လှုပ်ရှားရမှာပါ။ ကျွန်တော်ကလဲ အငြိမ်ကစားသမား မဟုတ်တဲ့အတွက် သူ့ကိုနည်းမျိုးစုံနဲ့ ခြေကုပ်မရအောင် ကစားသွားမှာပါ”

Regis ဟာ Yodsanklai ရဲ့ ဘယ်ခြေကန်ချက်ကို အနည်းငယ်စိုးရိမ်နေဟန်ရှိသည့်အပြင် ထိုင်း၏အပြင်းထန်ဆုံးလက်နက်ဟုလည်း မှတ်ချက်ပေးခဲ့သည်။ “သူ့ရဲ့ ဘယ်လက်ကလဲ အတော်ကိုသွက်ပါတယ်” ဟု Regis က ထပ်မံဆိုခဲ့သည်။ “သူက ဘယ်ဘက်ကို အားသန်ပါတယ်၊ ဘယ်လက်ကလဲ အားပြင်းသလို ဘယ်ခြေကန်ချက်ကလဲ အားအတော်ပါတယ်။ ဒါကြောင့် ကျွန်တော်က သူ့အားသာချက်ကနေရှောင်ကွင်းပြီးတော့ ခပ်ခွာခွာ ကစားရမှာပါ”

“ကောင်းတာတစ်ခုက ပွဲစင်မြင့်ဟာ ကြိုးဝိုင်းပုံစံ မဟုတ်ဘဲ သံဇကာတွေနဲ့ အမြင့်ထိဝန်းရံထားတာဖြစ်လို့ ကစားဖို့နေရာက ပိုကျယ်တဲ့အတွက် သူ့ရဲ့သက်လုံကို လျော့ကျအောင်လုပ်ဖို့ အခွင့်အရေးရတာပေါ့” ဟု ၎င်းက ဆိုခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top