ဘားဆိုင်တွေမှာ အခွံမာသီးတွေ စရောင်းရင်းနဲ့ ပေါင် ၁၀ သန်းတန်ကုမ္ပဏီကို ပိုင်ဆိုင်ခဲ့တဲ့ သူငယ်ချင်းနှစ်ဉီး

14-6-2022-yyl05.jpg

စတီဖန် ဝိုက်နဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း တွမ် ရန်ရှော်တို့ဟာ အရက်ဘီယာတွေနဲ့ မြည်းလို့ရတဲ့ သွားရည်စာအခွံမာသီးတွေကို ဘားဆိုင်မှာ ရောင်းချတဲ့ စီးပွားရေးလုပ်ငန်း လုပ်ကြဖို့ စိတ်ကူးမိခဲ့ကြပါတယ်။ အခုဆိုရင် သူတို့ရဲ့ကုမ္ပဏီက ဝင်ငွေ ပေါင် ၁၀ သန်းလောက် ရှိလာခဲ့ပါပြီ။

စတီဖန်နဲ့တွမ်တို့က လန်ဒန်မြို့ရဲ့ Queen Mary University မှာ အတူတက်ခဲ့ကြတဲ့အချိန် အားလပ်ရက်ဆို ဘားဆိုင်တွေ သွားထိုင်ခဲ့ပါတယ်။ အဲဒီမှာ ဘီယာနဲ့တွဲစားတဲ့ သွားရည်စာကို တွေ့ခဲ့ရတယ်။ အဲဒီကနေ ဘီယာနဲ့တွဲစားတဲ့ သွားရည်စာအခွံမာသီးရောင်းချမယ့်စိတ်ကူးပေါ်လာခဲ့တာပါ။ စတီဖန်နဲ့တွမ်တို့က ၂၀၁၉ခုနှစ်မှာ ဘွဲ့ရခဲ့ပြီးတဲ့နောက် စီးပွားရေးလုပ်ဖို့အတွက် ရန်ပုံငွေ ပေါင် ၇၀၀၀ ရှာနိုင်ခဲ့ပါတယ်။ ပေါင် ၅၀၀၀ ကတော့ သူငယ်ချင်းနဲ့မိသားစုတွေဆီက ရခဲ့တာပါ။ အစိုးရဆီက ချေးငွေ ပေါင် ၂၄,၀၀၀ လည်း ရရှိခဲ့ပါတယ်။

သူတို့သူငယ်ချင်းနှစ်ဉီးဟာ နေ့တိုင်း မနက်ပိုင်းဆို လန်ဒန်မြို့ရပ်ကွက်တွေထဲက ဘားဆိုင်တွေရဲ့တံခါးကို ခေါက်ပြီး သူတို့ရဲ့အခွံမာသီးတွေ ရောင်းချဖို့ကြိုးစားခဲ့ကြတယ်။ နေ့ခင်းဘက်မှာတော့ ဘားဆိုင်တွေကို ဖုန်းဆက်ကြတယ်။ ၃ နာရီရောက်ရင် ဘားဆိုင်မှာ မီးဖိုးချောင်သန့်ရှင်းရေးနဲ့ အရက်ဖျော်ဆရာတွေအဖြစ် အလုပ်စလုပ်ကြပြီး မနက် ၂ နာရီမှ အလုပ်ပြီးကြပါတယ်။

အသက် ၂၇ နှစ်အရွယ် စတီဖန်က တစ်လကို ဝင်ငွေ ပေါင် ၁၃၀၀ ရှိပေမဲ့ အိမ်ငှားခ ပေါင် ၁၂၅၀ ရှိတာကြောင့် အခွံမာသီးတွေရောင်းတဲ့အလုပ်ကိုဖြစ်အောင်လုပ်ဖို့ ကြိုးစားခဲ့တာပါ။ သူတို့ရဲ့အရသာရှိတဲ့အခွံမာသီးတွေကို Stonegate Group (ဗြိတိန်ရဲ့အကြီးဆုံးဘားကုမ္ပဏီ)ရဲ့ ဘားဆိုင် ၃၀၀ ဆီ တင်သွင်းနိုင်ခဲ့တာကြောင့် သူတို့ရဲ့အလုပ် အဆင်ပြေလာခဲ့ပါတယ်။ (၉) လအတွင်း ဘားဆိုင် (၂၀၀၀) အထိ တိုးလာခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၀ခုနှစ် မတ်လမှာ Covid-19 ကပ်ရောဂါဖြစ်ပွားခဲ့တဲ့အတွက် ဘားဆိုင်တွေကို ပိတ်လိုက်ရတာကြောင့် သူတို့နှစ်ဦးရဲ့၀င်ငွေ ၉၅ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့စီးပွားရေးနည်းဗျူဟာကို ပြန်လည်စဉ်းစားခဲ့ရပါတယ်။ ကပ်ရောဂါအတွင်း ဖောက်သည်တွေ ဝယ်ယူလို့ရအောင် ရိုးရာနည်းနဲ့ ချက်လုပ်ထားတဲ့ ဘီယာတွေကို အွန်လိုင်းကနေ ချဲ့ထွင်ရောင်းချဖို့ တွမ်က အကြံပြုခဲ့ပါတယ်။

အစကတော့ ဘားဆိုင်တွေ ပိတ်ထားစဉ် ၁၂ ပတ်ကြာ ပရောဂျက်တစ်ခုအဖြစ် လုပ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ အဖေများနေ့အတွက် ဘီယာနဲ့သွားရည်စာအခွံမာသီးပါဝင်တဲ့ “Super Dad” Giftbox ကို ရောင်းချခဲ့ပြီးတဲ့နောက်မှာ ၁၀ ရက်အတွင်း သူတို့ရဲ့ထုတ်ကုန်တွေ ရောင်းကုန်သွားခဲ့ပါတယ်။

(၂) နှစ်အကြာမှာ သူတို့နှစ်ဉီးရဲ့ Bier Company (ကိုယ်ပိုင်တံဆိပ် Bier Nuts နဲ့ Bier Crips တို့တွဲပြီး ဗြိတိန်နိုင်ငံတစ်ဝှမ်းက ဘီယာချက်စက်ရုံတွေက ရိုးရာဘီယာကို ရောင်းချတဲ့ အွန်လိုင်းဆိုင်) က ဝင်ငွေ ပေါင် ၁၀ သန်းရှိသွားခဲ့ပါတယ်။ တွမ်နဲ့ စတီဖန်တို့က Enfield မြို့လေးက စတုရန်းပေ ၄၅၀၀၀ ကျယ်ဝန်းတဲ့ ဂိုထောင်မှာ ဝန်ထမ်း ၈ ဉီးကိုလည်း ခန့်ထားပါတယ်။ အခုဆိုရင် အမေရိကန်နဲ့ ဉရောပတွေမှာ လုပ်ငန်းချဲ့ထွင်ဖို့ အစီအစဉ်ရှိနေပါတယ်။

Ref: TheMirror “Man who started off selling nuts to pub with a mate now has £10m company”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top