လက်ဆောင်ပေးသည်ဆိုရာဝယ်

51389231_2305804569638036_6610281807613001728_n.jpg

မကြာခင်မှာ ရောက်ရှိလာမယ့် Valentine’s Day အတွက် ပေးစရာလက်ဆောင်ပစ္စည်းတွေ စဉ်းစားနေပြီလား။ ဒါမှမဟုတ် မွေးနေ့လက်ဆောင်တွေပေးစရာရှိတာလား။ ဘယ်ပစ္စည်းတွေက လက်ဆောင်အနေနဲ့ပေးဖို့မသင့်တော်ဘူးလဲဆိုတာ သတိထားမိရဲ့လား။ မသိသေးရင်တော့ အခုဆောင်းပါးလေးကို တစ်ချက်လောက်ဖတ်ကြည့်လိုက်ပါဦး။

(၁) သူမကြိုက်ဘဲ ကိုယ်ပေးချင်လို့ပေးတာ


သူက နှင်းဆီပန်းဆို အနီမှကြိုက်တယ်။ ကိုယ်လည်း အဲဒါသိတယ်။ ဒါပေမဲ့ ကိုယ်က နှင်းဆီအဖြူကိုပဲကြိုက်လို့ဆိုပြီး နှင်းဆီအဖြူပဲပေးတယ်။ လက်ဆောင်ပေးရင်စဉ်းစားရမှာတစ်ခုက ဒီပစ္စည်းက ငါပိုင်မှာလား၊ သူပိုင်မှာလား ဆိုတာပါပဲ။ သူပိုင်မယ့်အရာဆိုရင် သူဘာကြိုက်တတ်လဲ ဦးစားပေးစဉ်းစားပါ။ မသိရင်သိအောင်သွယ်ဝိုက်မေးပါ။ သူမကြိုက်တဲ့လက်ဆောင်ကြီးပေးပြီး သူကချောင်ထိုးထားတာတို့၊ သူများကိုပြန်ပေးပစ်တာတို့ကို ပြန်သိမှ ဒေါသထွက်မနေပါနဲ့။

(၂) အိမ်မွေးတိရစ္ဆာန်


အိမ်မွေးတိရစ္ဆာန်ဆိုတာ နှစ်နဲ့ချီပြီး ဂရုစိုက်အနွံတာခံရတဲ့သက်ရှိသတ္တဝါတွေပါ။ သင့်ချစ်သူ၊ သူငယ်ချင်းကို ပေးတယ်ဆိုရင် သူကနှစ်နဲ့ချီပြီး ဂရုစိုက်နိုင်လို့လား။ သူ့မိသားစုကရောကြည်ဖြူလား။ သမီးရည်းစားတွေလက်ဆောင်ပေးရင် ပိုဆိုးတာက ပြတ်စဲသွားကြတဲ့အခါ ဒီအိမ်မွေးတိရစ္ဆာန်လေးကို ဘာလုပ်ကြမှာလဲ။ သူများကိုပေးပစ်မှာလား။ လမ်းမပေါ်စွန့်ပစ်လိုက်မှာလား။ တိရစ္ဆာန်လေးတွေကချစ်ဖို့ကောင်းလို့ လိုချင်တယ်ဆိုပေမယ့် တကယ်မွေးကြည့်မှ အနွံတာမခံနိုင်တာတို့ဘာတို့ဆို ပေးရတဲ့သင်လည်း စိတ်ကောင်းမှာမဟုတ်ပါဘူး။

(၃) တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းတွေ


ဒီအရာတွေဟာ လက်ဆောင်ရယ်လို့ တခုတ်တရပေးနေစရာမလိုတဲ့ အရာတွေပါ။ သူတို့ကိုစော်ကားရာတောင်ရောက်ပါတယ်။ နင့်ခန္ဓာကိုယ်ကအနံ့အသက်မကောင်းလို့၊ မြင်ရတွေ့ရတာမသင့်တော်လို့ ငါက ဒီပစ္စည်းလက်ဆောင်ပေးတာဆိုတဲ့ သဘောသက်ရောက်နေပါတယ်။ ကိုယ်ချင်းစာကြည့်ရင်တောင် ဘယ်သူမှ လက်ဆောင်ထုပ်ဖွင့်လိုက်လို့ ချိုင်းလိမ်းဆီတောင့်တို့၊ မုတ်ဆိတ်ရိတ်စက်တို့မြင်ပြီး ပျော်မယ့်သူတော့ တော်တော်ရှားပါတယ်။

(၄)အိမ်သုံး၊ ကျောင်းသုံးပစ္စည်းတွေ


ဒီပစ္စည်းတွေက သူတို့အတွက် ကျောင်းမှာ၊ ရုံးမှာ ဘယ်လိုပဲအသုံးဝင်ပါတယ်ပြောပြော၊ ဘောပင်အစည်းလိုက်လက်ဆောင်ရလို့ အရမ်းပျော်သွားတဲ့ကျောင်းသား၊ မှတ်စုစာအုပ်လက်ဆောင်ရလို့ သဘောကျနေတဲ့ရုံးသမားကတော့ တွေ့ရခဲပါတယ်။ အလုပ်ရယ်၊ ကျောင်းရယ်ကို စဉ်းစားမိစေမယ့်လက်ဆောင်မျိုးကတော့ အကောင်းထက် အဆိုးများပါတယ်။

(၅) ဖန်တရာတေနေသော မွဲပြာပုဆိုးလက်ဆောင်များ


၂၀၁၉ မှာ လက်ဆောင်ပစ္စည်းကို ကော်ဖီခွက်တွေ၊ ဓာတ်ပုံအယ်လ်ဘမ်တွေ ပေးနေသေးတယ်ဆိုရင်တော့ သင့်ရဲ့ လက်ဆောင်ကိုလက်ခံရသူဆီက အမှတ်ပြည့်ရဖို့က သိပ်မလွယ်ပါဘူး။ လက်ဆောင်ဆိုရင် သူများတွေ ဒါပေးနေကြတာပဲ ဒါပေးမယ်လို့ သင်စဉ်းစားမယ်ဆိုရင် သင့်လက်ဆောင်က Okay အဆင့်ပဲရမှာပါ။ သူများတွေကြိုက်ပေမဲ့ သင်လက်ဆောင်ပေးရမယ့်သူက ကြိုက်ဦးမှကိုး။

အကောင်းဆုံးကတော့ သူက ဘာလေးလက်ဆောင်လိုချင်လိုက်တာလို့ပြောရင် လိုက်မှတ်ထားပြီး ပေးတာက အသေချာဆုံးပါပဲ။ ဒါပေမဲ့ ကိုယ်ကလည်းပိုက်ဆံလိုက်နိုင်ဦးမှပါ။ ဘာပဲဖြစ်ဖြစ် အပေါ်ကပြောထားတဲ့ပစ္စည်းတွေကို ရှောင်ပြီးပေးနိုင်ရင်တော့ သေချာပါတယ်…သင့်လက်ဆောင်တွေကို သူတို့သဘောကျကြမှာပါ။

Ref: The Spruse “Most insulting type of gifts”
Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top