စားသောက်ဆိုင်ဝန်ထမ်းအားလုံးအတွက် ဆုကြေးငွေဒေါ်လာ ၁ သန်းကိုလှူဒါန်းခဲ့တဲ့ ဒေးဗစ် ချန်

2-12-2020-yyl-011.jpg

Momofuku စားသောက်ဆိုင်လုပ်ငန်းစုကို တည်ထောင်ခဲ့သူလည်းဖြစ်တဲ့၊ နာမည်ကြီးစားဖိုမှူးတစ်ယောက်လည်းဖြစ်တဲ့ ဒေးဗစ် ချန်ကတော့ “Who Wants to Be a Millionaire?” အစီအစဉ်မှာ ဆုကြီးကို ရရှိသွားခဲ့တဲ့ ပထမဆုံးဆယ်လီတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာ အဲဒီအစီအစဉ်မှာ ကန်ဒေါ်လာ ၁ သန်း ဆုကြေးငွေကို ရရှိခဲ့တာပါ။ အဲဒီဆုကြေးငွေ ကန်ဒေါ်လာ ၁ သန်းလုံးကို ကပ်ရောဂါကြောင့် အဆင်မပြေဖြစ်ခဲ့ရတဲ့ စားသောက်ဆိုင်ဝန်ထမ်းတွေအားလုံးကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“Who Wants to Be a Millionaire” အစီအစဉ်ရဲ့နောက်ဆုံးအပိုင်းကို တနင်္ဂနွေနေ့က ပြသခဲ့ပြီး ဂျင်မီ ကင်မယ်လ်က အစီအစဉ်တင်ဆက်ပေးခဲ့ပါတယ်။ ဒေးဗစ် ချန်ကို မေးမြန်းခဲ့တဲ့ နောက်ဆုံးမေးခွန်းကတော့ အိမ်ဖြူတော်မှာ လျှပ်စစ်မီးရရှိစေခဲ့တဲ့ ပထမဆုံးအမေရိကန်သမ္မတက ဘယ်သူလဲဆိုတာပါပဲ။ သူဟာ အဲဒီမေးခွန်းဖြေဖို့အတွက် နည်းနည်းအခက်အခဲဖြစ်နေခဲ့ပါတယ်။ သူဟာ သမ္မတ ဘန်ဂျမင် ဟာရစ်ဆန်က သမ္မတဖြစ်ခဲ့လာဆိုတာ မသိခဲ့ပေမဲ့ ဘန်ဂျမင်ကို ခန့်မှန်းဖြေကြားခဲ့ပါတယ်။ ဖြေဆိုတာမှန်ကန်ခဲ့တဲ့အတွက် ဆုကြီးကို ရရှိသွားခဲ့ပါတယ်။

ဒေးဗစ် ချန်က အစားအစာလိုအပ်နေတဲ့သူတွေကို ကူညီပေးနေတဲ့ the Southern Smoke Foundation မှာ ငွေကြေးလှူဒါန်းမှုတွေပြုလုပ်ဖို့ အမြဲတမ်း ရည်ရွယ်ထားခဲ့တာပါ။ သူသာ နောက်ဆုံးမေးခွန်းကို မဖြေနိုင်ခဲ့ဘူးဆိုရင် ဒေါ်လာ ၅၀၀၀၀၀ ပဲရရှိသွားမှာဖြစ်ပါတယ်။ ပါဆယ်စနစ်၊ Delivery စနစ်နဲ့ လည်ပတ်နိုင်တဲ့ မရှိမဖြစ်လိုအပ်တဲ့စီးပွားရေးလုပ်ငန်းအဖြစ် စားသောက်ဆိုင်နဲ့ ဘားတွေကို သတ်မှတ်ထားပေမဲ့ Stay Home ထုတ်ပြန်ချက်အတွင်းမှာ ပိတ်ထားရတဲ့ဆိုင်တွေရှိနေတုန်းပါပဲ။ ဒါကြောင့် ဒေးဗစ် ချန်က ဆုကြေးငွေ ၁ သန်းကို စားသောက်ဆိုင်ဝန်ထမ်းတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

“အစိုးရက စားသောက်ဆိုင်ဝန်ထမ်းတွေကို ကူညီမပေးနိုင်ကတည်း ကျွန်တော်တို့ ကူညီပေးနိုင်မယ့်အရာကိုကျွန်တော်တို့ လုပ်ဆောင်ရပါမယ်” လို့ ဒေးဗစ် ချန်က တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။ ဒေးဗစ်က စားသောက်ဆိုင်ဝန်ထမ်းတွေအတွက် The Southern Smoke Foundation ကနေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

၂၀၁၅ခုနှစ်မှာ စားဖိုမှူး Chris Shepherd စတင်ထည်ထောင်ခဲ့တဲ့ The Southern Smoke Foundation အဖွဲ့အစည်းဟာ နိုင်ငံတစ်ဝှမ်းက လူပေါင်း (၂၀၇၁) ဦးကို ဒေါ်လာ ၄၀၉၇၄၂၅ လှူဒါန်းပေးခဲ့ပြီးပါပြီ။ ဒေးဗစ် ချန် ဆုကြီးဆွတ်ခူးခဲ့တဲ့ သတင်းကို အဖွဲ့အစည်းကလည်း “WE WON A MILLION DOLLARS” လို့ ရေးသားခဲ့တဲ့အပြင် “ဒေးဗစ်က သူ့ရဲ့ပရဟိတအလှူအတွက် Southern Smoke ကို ရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ အခုအဆိုရင် နိုင်ငံရဲ့နေရာတော်တော်များများမှာ ဆိုင်တွေကို ပိတ်ထားရတဲ့အတွက် စားသောက်ကုန်နယ်ပယ်က ဝန်ထမ်းတွေက စိုးရိမ်မကင်းဖြစ်နေကြရပါတယ်” လို့လည်း Chris Shepherd က ပြောပါတယ်။

ဒေးဗစ် ချန်ရဲ့ လှူဒါန်းမှုက စားသောက်ဆိုင်ဝန်ထမ်း (၅၀၀) ကို အကူအညီဖြစ်စေမှာဖြစ်တယ်လို့ Southern Smoke Foundation က ခန့်မှန်းထားပါတယ်။

Ref: CNN “Celebrity Chef David Chang won $1 million. He’s giving it all to restaurant workers”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top