စာသင်ခန်းထဲ ဖုန်းတွေ လက်ပ်တော့ပ် တွေသုံးနေမယ်ဆို ဘာတွေ ဖြစ်လာတတ်သလဲ

8-7-2020-yyl-018.jpg

လူသားတွေရဲ့ ခွဲခြား အာရုံစူးစိုက်နိုင်မှုကိုလေ့လာခဲ့တဲ့ သိပ္ပံပညာတွေရဲ့အဆိုအရ လူသားတွေအနေနဲ့ အကြောင်းအရာ၊ ကိစ္စ (၂) မျိုးကိုခွဲပြီး အာရုံစူးစိုက်ရတဲ့အခါ

တချို့အကြောင်းအရာတွေနဲ့ စပ်လျဉ်းတဲ့ ကိစ္စသေးသေးလေးတွေဟာ နောက်မှ တဖြည်းဖြည်း ပြန်ပေါ်လာတတ်ကြတာ ဖြစ်ပါတယ်။

နောက်ထပ် အီလက်ထရွန်နစ် ပစ္စည်းတွေကို လေ့လာတဲ့စမ်းသပ်ချက်တစ်ခုမှာတော့ စမတ်ဖုန်းအသုံးပြုခြင်းဟာ လူသားတွေရဲ့တွေးခေါ်နိုင်စွမ်းကို လျော့ကျသွားစေတယ်လို့ ဆိုထားပါတယ်။ စတန်းဖို့ဒ် တက္ကသိုလ်ရဲ့စမ်းသပ်ချက်မှာဆိုရင်လည်း ဖုန်းအသုံးပြုနေတာကြောင့် အလုပ်တာဝန်တွေ ပြီးမြောက်မှုမရှိတော့ဘဲ ကိစ္စငယ်လေးတွေမှာတောင် အနှောင့်အယှက်ဖြစ်လာရတယ်လို့ ဖော်ပြထားပါတယ်။

စာသင်ခန်းအတွင်း လက်တော့ပ်နဲ့ မိုဘိုင်းဖုန်းတွေ အသုံးပြုခြင်းဟာ ကျောင်းသားတွေကို စိတ်အာရုံပျံ့လွင်စေနိုင်တဲ့အပြင် လေ့လာချက်အသစ်တစ်ခုမှာတော့ ကျောင်းသားတွေရဲ့ အဆင့်ကိုပါ လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ရက်ဂျာ့စ် တက္ကသိုလ်ရဲ့ သုတေသနပညာရှင်နှစ်ဦးကလည်း (၂) ခုခွဲအာရုံစိုက်ရတာကြောင့် စာမေးပွဲမှာ အားနည်းသွားနိုင်တယ်လို့ ဆိုပါတယ်။

ရော့ဂျာစ့်တက္ကသိုလ်ရဲ့ စိတ်ပညာပါမောက္ခတစ်ဦးဖြစ်ပြီး အဆိုပါသုတေသနကို ဦးစီးပြုလုပ်နေသူလည်း ဖြစ်တဲ့ ဒေါက်တာ အာနိုဒ့် ဂလက်စ် (Dr. Arnold Glass) ဆိုသူက နည်းပညာကို တွင်တွင်ကျယ်ကျယ်အသုံးပြုပြီး သင်ကြားတဲ့ စာသင်ခန်းတွေရဲ့စနစ်နဲ့ အကျိုးသက်ရောက်မှုကို လေ့လာနေတာတော်တော်ကြာခဲ့ပြီဖြစ်ကြောင်း ABC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“စာသင်ခန်းထဲ ဒီလိုခေတ်မီကိရိယာတွေ အသုံးမပြုခင်ကတည်းက ဒါတွေနဲ့စာသင်ကြားဖို့ကို ကျွန်တော်စိတ်ဝင်စားခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ်သုံးလာကြတဲ့အခါမှာတော့ စာသင်ခန်းအပေါ် တော်တော်လေး သက်ရောက်မှုတွေရှိလာပါတယ်။ ဒါတွေရှိနေလို့ ဘာများထူးခြားသွားလဲဆိုတဲ့ မေးခွန်းကိုလည်း ပိုပြီးသိချင်လာကြပါတယ်” လို့ဒေါက်တာကဆိုပါတယ်။

Educational Psychology ဂျာနယ်ကဖော်ပြထားတဲ့ လေ့လာချက်တစ်ခုမှာတော့ ကျောင်းသားနှစ်ဖွဲ့ကို စာသင်ခန်း (၁) ခန်း၊ အတန်းချိန် (၁) ချိန်၊ ဆရာတူတူ၊ နေရာတူတူထားပြီးစာသင်ခိုင်းခဲ့ပါတယ်။ အဖွဲ့ (၂) ဖွဲ့ထဲက (၁) ဖွဲ့ကို လက်တော့ပ်နဲ့ ဖုန်းတွေပေးသုံးလို့ စာသင်ခိုင်းခဲ့တာဖြစ်ပြီး ကျန်တစ်ဖွဲ့ကိုတော့ ဘာဆိုဘာအီလက်ထရွန်နစ်ပစ္စည်းမှ ပေးမသုံးဘဲ စာသင်ခိုင်းခဲ့တာပါ။

ရလဒ်အနေနဲ့ဆိုရင် အီလက်ထရွန်နစ်ပစ္စည်းတွေအသုံးပြုတဲ့ ကျောင်းသားတွေဟာ သူတို့ရသင့်တဲ့အမှတ်ထက် တစ်ဝက်လောက်ကို လျော့ကျနေခဲ့ပါတယ်။ တစ်ဘက်ကအဖွဲ့ဆိုရင်လည်း အလားတူ အမှတ်နည်းနေခဲ့ပြီး ဒါဟာ ကိုယ့်ဘေးနား အသုံးပြုနေကြသူတွေကြောင့် အနှောင့်အယှက်ဖြစ်လို့ အမှတ်နည်းကြရတာဖြစ်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။

ပြောရမယ်ဆိုရင်တော့ ဒီလို အီလက်ထရွန်နစ်ပစ္စည်းတွေကို စာသင်ခန်းအတွင်း စာသင်နေချိန်အသုံးပြုတာဟာ အာရုံစူးစိုက်နိုင်မှုကို လျော့နည်းစေပြီး မှတ်ဉာဏ်စွမ်းအားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မိမိတစ်ဦးတည်းအတွက်သာမက အသုံးပြုခြင်းမရှိတဲ့ ဘေးလူတွေကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်လို့ ဆင်ခြင်အသုံးပြုကြတာကသာ အကောင်းဆုံးဖြစ်မှာပါ။

Ref : abcnews “Cellphones in classrooms contribute to failing grades: Study”

Po Mo Htooo Aung ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top