ကျောင်းနေအရွယ်ကိုယ့်ကလေး လိင်အကြမ်းဖက်ခံခဲ့ရသလား ဘယ်လိုသိနိုင်မလဲ

CHA-online.jpg

ကျောင်းနေအရွယ်ကလေးငယ်တွေဟာ ဘာမှမသိသေးတဲ့ အဖြူရောင်လေးတွေပါ။ ဒီအဖြူရောင်လေးတွေကို ဘာတစ်ခုမှမစွန်းပေစေဘဲ အရွယ်ရောက်လာတဲ့အထိ စောင့်ရှောက်ပျိုးထောင်ပေးရမှာ ဖေဖေမေမေတို့ တာဝန်ပဲပေါ့။ အကောင်းဆုံးပစ္စည်းတွေဝယ်ပေး၊ အကောင်းဆုံးအာဟာရတွေကျွေးမွေး၊ အကောင်းဆုံးချစ်ခင်မြတ်နိုးပေးကြပေမယ့် ကိုယ့်မျက်ကွယ်ရာလွှတ်ရတဲ့အခိုက်အတန့်ကိုတော့ သတိတချက်မလစ်သွားဖို့အရေးကြီးပါတယ်။

အကောင်းဆုံးပစ္စည်းတွေဝယ်ပေး၊ အကောင်းဆုံးအာဟာရတွေကျွေးမွေး၊ အကောင်းဆုံးချစ်ခင်မြတ်နိုးပေးကြပေမဲ့ ကိုယ့်မျက်ကွယ်ရာလွှတ်ရတဲ့အခိုက်အတန့်ကိုတော့ သတိတချက်မလစ်သွားဖို့အရေးကြီးပါတယ်

ဘယ်လိုပဲအကောင်းဆုံးကျောင်းမှာထားတယ်ပဲဆိုဆို ကံကြမ္မာနဲ့ ခန့်မှန်းမရတဲ့အခြေအနေတချို့ရှိနိုင်တာမို့ ကလေးရဲ့အခြေအနေကို အမြဲတမ်းဂရုတစိုက်ရှိပေးကြပါနော်။ ဖေဖေမေမေတို့အလုပ်ဘယ်လောက်ပဲများများ ကလေးတွေရဲ့ အပြုအမူ၊အနေအထိုင်လေးတွေကို အမှုမဲ့အမှတ်မဲ့ မထားပါနဲ့။

ကလေးအများစုက မိဘတွေနဲ့ဆရာတွေကို ဒီလိုကိစ္စတွေပြန်ပြောပြဖို့ ဖြစ်နိုင်ခြေတော်တော်နည်းပါတယ်

လိင်ပိုင်းဆိုင်ရာစော်ကားမှုဆိုတာ အဓမ္မကြံစည်တဲ့အကြမ်းဖက်မှုမှမဟုတ်ပါဘူး။ ညစ်ညမ်းတဲ့ပုံတွေနဲ့ ဗီဒီယိုတွေပြတာ၊ ကလေးရှေ့မှာ မဖွယ်မရာလုပ်ပြတာ၊ ကလေးကို မဖွယ်မရာကိုင်တွယ်စေတာ၊ ကလေးရဲ့ဖုံးကွယ်အပ်တဲ့အစိတ်အပိုင်းတွေကို ထိတွေ့တာ၊ လိင်အင်္ဂါကို လက်နဲ့ထိုးသွင်းတာတွေအားလုံး လိင်စော်ကားမှု၊နှောင့်ယှက်မှုနဲ့အကျုံးဝင်ပါတယ်။ ဒါ့ကြောင့် ကလေးက သားယောကျာ်းလေးပဲဖြစ်နေပါစေ သမီးလေးတွေလိုပဲ ဒီအန္တရာယ်အတွက် စိုးရိမ်ရပါလိမ့်မယ်။

ကလေးအများစုက မိဘတွေနဲ့ဆရာတွေကို ဒီလိုကိစ္စတွေပြန်ပြောပြဖို့ ဖြစ်နိုင်ခြေတော်တော်နည်းပါတယ်။ ကြောက်ရွံ့စိတ်၊ရှက်ရွံ့စိတ်၊ ဘာဖြစ်ခဲ့မှန်းမသိတဲ့စိတ်တို့နဲ့ ဖုံးကွယ်နေပါလိမ့်မယ်။ ဒီလိုကြုံတွေ့ရတဲ့ ကလေးငယ်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေနဲ့အပြောင်းအလဲတွေအကြောင်းလေး မေမေတို့ကို အကြံပြုချင်ပါတယ်။ အဓိကအားဖြင့် ကလေးမှာ အရင်ကနဲ့မတူတဲ့ ပြောင်းလဲမှုတွေရှိလာတာကို သတိထားကြည့်နိုင်ပါတယ်။

အကျင့်စရိုက်လေးတွေပြောင်းလာတယ်

ကလေးက ရုတ်တရက်ကြီး အရင်နဲ့မတူတော့တဲ့ ပြုမူနေထိုင်မှုတွေရှိလာတယ်။ ဥပမာ အရင်က တက်ကြွသွက်လက်နေတဲ့ကလေးက စိုးရိမ်သလို၊ မလုပ်ရဲမကိုင်ရဲလိုလို၊ စိတ်ညစ်နေသလို မှိုင်လာတာမျိုး။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ကလေးတွေတောင် ဒီလိုကြုံရဖူးတယ်ဆို အပြောင်းအလဲဖြစ်နိုင်ပါတယ်။ သတိထားကြည့်ပါ။

အပြုအမူတွေပြောင်းလဲလာတယ်

ကလေးငယ်လေးက အရွယ်နဲ့မလိုက်တဲ့ အပြုအမူတွေရှိလာနိုင်တယ်။ ဥပမာ ရွယ်တူချင်းမှာ မသင့်တော်တဲ့အပြုအမူတွေနဲ့ ဆော့ကစားတာမျိုး (သူကြုံခဲ့ဖူးသလို) လုပ်လာတတ်တယ်။ အိပ်စက်မှုပုံစံလည်းပြောင်းလဲလာနိုင်တယ်။ သွေးဆောင်ခံရတဲ့စူးစမ်းမှုလို ကြုံခဲ့ရတဲ့ကလေးတွေထက် အကျပ်ကိုင်၊ jခိမ်းခြောက်ခံ၊ အကြမ်းဖက်ခံရတဲ့ ထိတ်လန့်မှုမျိုးကြုံခဲ့ရတဲ့ကလေးတွေမှာ အိပ်မက်ဆိုးတွေမက်ရတာ၊ ညလန့်လန့်နိုးတာလို အိပ်စက်မှုပြဿနာတွေ ရှိလာတတ်ပါတယ်။

ကြောက်စိတ်တွေဝင်နေတယ်

လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ကလေးဟာ သူကြုံခဲ့ရတဲ့နေရာ၊ ကျူးလွန်သူရှိနေတဲ့နေရာ၊ အနေအထား အပါအဝင် တချို့ပတ်ဝန်းကျင်တွေကို ကြောက်ရွံ့နေတာ၊ နောက်တွန့်နေတာ၊ ရှောင်နေတာတွေ ဖြစ်လာမှာပါ။ သူကြုံခဲ့ရတဲ့အိပ်မက်ဆိုးကို ပြန်သတိရစေမယ့်အရာမှန်သမျှ သူကြောက်နေမှာပါ။ ကလေးက အကြောက်အကန်ငြင်းနေတဲ့ နေရာ၊ အနေအထား၊ လူပုဂ္ဂိုလ်တွေကို အတင်းမပို့လွှတ်ဘဲ သေချာလေ့လာပါ။

ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကို သတိထားကြည့်ပါ

ဆိုးဆိုးရွားရွား လိင်အကြမ်းဖက်ခံရတဲ့ကလေးမှာတော့ အသက်အန္တရာယ်ရှိလာနိုင်တဲ့အထိ လက္ခဏာပြင်းထန်တယ်ဆိုပေမဲ့ ကိုယ်မသိဘဲ ကာလတာရှည်လိင်နှောင့်ယှက်မှု၊ စော်ကားမှုကြုံနေရပြီး ပြောလည်းမပြောပြရဲတဲ့ကလေးမှာရော ဘာတွေဖြစ်နေနိုင်လဲ မေမေတို့သိဖို့လိုပါတယ်။ သမီးလေးရဲ့မိန်းမကိုယ်က အရည်ထွက်နေသလား၊ ကလေး (သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ်) ရဲ့ကိုယ်အောက်ပိုင်းအင်္ဂါတဝိုက်နာကျင်မှု၊ ယားယံမှုရှိနေသလား၊ ဆီးလမ်းကြောင်းပိုးဝင်မှု သို့မဟုတ် လည်ချောင်းနာခြင်း မကြာခဏဖြစ်နေသလား၊ ဆီးသွားရင် သို့မဟုတ် ဝမ်းသွားရင် ကလေးကနာကျင်နေရသလား၊ လိင်အင်္ဂါတွေမှာ သွေးထွက်သလား၊ ဒဏ်ရာအနာတရဖြစ်နေသလားဆိုတာ သတိထားမိသင့်ပါတယ်။

ကလေးက လူတွေကို မယုံတော့ဘူး

လိင်စော်ကားခံရတဲ့ကလေးတွေဟာ လုံးဝသူစိမ်းတွေထက် ရင်းနှီးတဲ့သူတွေ၊ နီးစပ်တဲ့သူတွေ၊ ယုံကြည်ရသူတွေဆီက ကြောက်စရာကြုံရတာများတာမို့ ဘယ်သူ့ကိုမှ မယုံတော့တာ၊ သံသယများလာတတ်တာပါ။ ရုတ်တရက်လှုပ်ရှားမှုတွေ၊ အသံကျယ်ကျယ်တွေကို အရင်ကနဲ့မတူ လန့်တတ်နေသလို တစ်ယောက်ယောက်က လာထိလိုက်၊ ကိုင်လိုက်ရင်တောင် ကြောက်ရွံ့နေတတ်တာ လိင်စော်ကားခံထားရတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာရှိလာတယ်

ကလေးက သူငယ်ချင်းတွေနဲ့ဆက်ဆံရေးမှာ ရင်းနှီးဖို့ ခက်လာတယ်၊ သူရင်းနှီးတဲ့သူတစ်ယောက်ယောက်ရဲ့ ကျူးလွန်မှုကြောင့် ဒီလိုကြုံခဲ့ရတဲ့အခါ ပေါင်းသင်းဆက်ဆံရေးကို ကြောက်လာတာလည်းပါပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် ကလေးဟာ တခြားသူတွေကို ရှောင်တော့မှာပါ။ ကလေးက လူတစ်ဦးတည်းကိုပဲ ရှောင်ဖို့ကြိုးစားနေပြီဆိုရင်တော့ ကိုယ့်ကလေးကို ချော့ပြီးမေးသင့်နေပါပြီ။

ကလေးက ဘာကိုမှစိတ်မဝင်စားတော့ဘူး

သူတို့အရင်က တက်တက်ကြွကြွရှိခဲ့ဖူးတဲ့အရာတွေကို လုံးလုံးစိတ်မဝင်စားတော့တာဆိုရင် ကလေးကို သတိထားဂရုစိုက်သင့်ပါတယ်။အမှန်က ကလေးမှာ တစ်ခုခုကို အာရုံစူးစိုက်ဖို့အခက်အခဲဖြစ်နေတာပါ။

အပြစ်လုပ်ထားသလို ခံစားနေရတယ်

ကလေးက သူ့ကိုယ်သူ အပြစ်တခုခုလုပ်ထားသူလိုခံစားနေရတဲ့အရိပ်အယောင်တွေ့ရရင် ဒီတိုင်းမထားပါနဲ့။ ရင်းရင်းနှီးနှီးစကားပြောပေးရင်း ကလေးရဲ့ခံစားချက်ဖွင့်ဟလာအောင် ဖြည်းဖြည်းချင်းလုပ်ယူပါ။ သူ့ရဲ့လျှို့ဝှက်ချက်ကို လူသိမှာစိုးပြီး တစ်ဦးတည်းသီးသန့်နေတာ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာတွေက ရေရှည်မှာ ကလေးအတွက်မကောင်းပါဘူး။

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံထားရတဲ့ ကလေးတစ်ယောက်မှာ အသိသာဆုံးလက္ခဏာတွေက –

လိင်အင်္ဂါတဝိုက် နာကျင်တာ၊ ယားယံတာ၊ စုတ်ပြဲအနာ၊ သွေးထွက်တာတွေဖြစ်ပါတယ်။ လိင်အင်္ဂါ သို့မဟုတ် စအို နာကျင်မှုကြောင့် လမ်းလျှောက်ရတာ၊ ထိုင်ရတာ အခက်အခဲဖြစ်နေတတ်တယ်။ လူတွေနဲ့ သိပ်မရောတော့ဘဲ တစ်ယောက်တည်းသီးခြားနေတာများလာတယ်။ ဝမ်းနည်းစိတ်ဓာတ်ကျတဲ့ပုံစံ မှိုင်နေတတ်တယ်။ အစားသိပ်မစားတော့ဘူး။ ဒါပေမဲ့လည်း လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ကလေးတွေမှာ ပြင်းထန်တဲ့အခြေအနေမဟုတ်ခဲ့ရင် အပြင်ပန်းထိခိုက်ဒဏ်ရာလည်းမရှိ၊ လူကြီးတွေကို ပြန်ပြောပြတာလည်းမရှိဘဲ ကြောက်စိတ်နဲ့ကြိတ်ခံစားတာများတယ်ဆိုတာ မေမေတို့မမေ့ပါနဲ့။ မသိမသာနဲ့ ကာလကြာရှည် ကိုယ့်ကလေးကို လိင်အမြတ်ထုတ်ခံနေရတာ၊ ခြိမ်းခြောက်ခံထားရတာ ကိုယ်မသိခဲ့ရင် ရင်နာစရာပါ။ အလုပ်တွေများနေလည်း ကိုယ့်ရင်သွေးရတနာလေးတွေကို အမြဲမပြတ်ဂရုစိုက်ပေးပါလို့။

Ref: Hello ဆရာဝန်
ရေးသားသူ – Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top