သူတစ်ပါးကိုပြောင်းလဲဖို့ထက် သင့်ရဲ့အမြင်တွေကိုပဲ ပြောင်းလဲပစ်လိုက်ပါ

bg-5.jpg

တစ်ခါက ချမ်းသာကြွယ်ဝတဲ့သူဌေးကြီးတစ်ယောက်ဟာ မျက်စိရောဂါတစ်ခုကို အပြင်းအထန်ခံစားနေရပါတယ်။ သူဌေးကြီးက သူခံစားနေရတဲ့ရောဂါဝေဒနာကို သက်သာပျောက်ကင်းစေဖို့ သမားတော်တစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲကုသပေမဲ့လည်း သိသိသာသာထူးခြာကောင်းမွန်မလာတာကြောင့် စိတ်ညစ်နေပါတယ်။ ဒီလိုနဲ့နေလာရင်း မျက်စိရောဂါကို ကုသရာမှာ ဂုဏ်သတင်းကျော်ဇောတဲ့ ဘုန်းကြီးတစ်ပါးအကြောင်းကို ကြားသိခဲ့တာကြောင့် သူဌေးကြီးဟာ သွားရောက်ပြသခဲ့ပါတယ်။

ဘုန်းတော်ကြီးက သူဌေးကြီးရဲ့ မျက်စိရောဂါအခြေအနေကို သေသေချာချာ လေ့လာသုံးသပ်ပြီးနောက် အခုလိုပဲ ပြောလိုက်ပါတယ်။ ” အမြန်ဆုံးပျောက်ကင်းသွားမှာပါ။ ဒါပေမဲ့ လောလောဆယ်တော့အစိမ်းရောင်ရှိတဲ့ ပတ်ဝန်းကျင်အရာဝတ္တုများနဲ့သာ နေထိုင်သင့်ပြီး အခြားအရောင်တွေကိုမကြည့်မိအောင် ရှောင်ကြဉ်ရမယ်” လို့ မှာကြားခဲ့ပါတယ်။ သူဌေးကြီးလည်း ဘုန်းတော်ကြီးရဲ့ ညွှန်ကြားချက်အတိုင်း သူရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္တုမှန်သမျှကို အစိမ်းရောင်ခြယ်သပြီး နေထိုင်လိုက်ပါတယ်။

ရက်အနည်းငယ်ကြာပြီး သူဌေးကြီးရဲ့အိမ်ကို ဘုန်းတော်ကြီး ကြွလာတဲ့အခါမှာတော့ မြင်မြင်သမျှ အရာအားလုံးက အစိမ်းရောင်ခြယ်ထားတာကို တွေ့လိုက်ရပါတယ်။ သူဌေးကြီးက “ဘုန်းတော်ကြီးရဲ့ အကြံပေးချက်အတိုင်း အခြားအရောင်တွေကို မကြည့်ရှုဘဲ အစိမ်းရောင်တစ်မျိုးတည်းကိုသာ ကြည့်ရှုသင့်တယ်ဆိုလို့ မြင်မြင်သမျှအရာအားလုံးကို အစိမ်းရောင်ခြယ်သထားပါတယ်။ အဆင်ပြေရဲ့လား” လို့မေးလိုက်ပါတယ်။ အဲဒီအခါဘုန်းတော်ကြီးက အနည်းငယ်ပြုံးလိုက်ပြီး ” ဪ သူဋ္ဌေးကြီးရယ် ။ လွယ်တာကိုခက်အောင်လုပ်နေပါလား။ တကူးတက အပင်ပန်းခံ၊ ငွေကုန်ကြေးကြခံပြီး ပတ်ဝန်းကျင်မှာရှိတဲ့ မြင်မြင်သမျှကို အစိမ်းရောင်လိုက်ပြီး ခြယ်သနေစရာမလိုပါဘူး။ သင်ရဲ့ မျက်လုံးတစ်စုံကိုသာ အစိမ်ရောင်မြင်ကွင်းတွေပေးစွမ်းနိင်မယ့် အစိမ်းရောင်မျက်မှန်တစ်လက်ကိုဝယ်ယူပြီး သင်ရဲ့မြင်ကွင်းတွေကို ပြောင်းလဲပစ်လို့ရတယ်လေ” လို့ပြောလိုက်ပါတယ်။

ဒီအကြောင်းအရာလေးကတော့ အနည်းငယ်ဟာသလေးနှောထားပေမဲ့လည်း ပေးချင်တဲ့အသိလေးတစ်ခုတော့ရှိပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ လူပေါင်းများစွာနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်စိတ်ကိုယ်သဘောနဲ့ကိုက်ညီတဲ့သူများရှိတတ်သလို မကိုက်ညီတဲ့သူများကိုလည်းတွေ့ရတတ်ပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်သဘောထားချင်း မတိုက်ဆိုင်ကြတဲ့အခါ ပြဿနာတွေတက်ကြရပါတယ်။ အကောင်းဆုံးဖြေရှင်းနည်းကတော့ ကိုယ်နဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်တဲ့သူတွေကို တွေ့ဆုံတဲ့အခါ သူတို့ကိုပြောင်းလဲဖို့ မကြိုးစားပါနဲ့။ သင်အရမ်းပင်ပန်းသွားပါလိမ့်မယ်။ သူတို့နဲ့ ပေါင်းသင်းဆက်ဆံရမယ့် ကိုယ့်ရဲ့စိတ်ကိုသာ လိုက်လျောညီထွေ ပြောင်းလဲဆက်ဆံခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။

Ref: “Change Your Vision”Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top