ပန်းချီကားတွေရေးရောင်းပြီး လူနာကိုဆေးကုစရိတ်ရှာပေးတဲ့ဆရာဝန်

yyl-012-2.jpg

ဆေးကုစရိတ်မတတ်နိုင်တဲ့လူနာတစ်ဦးအတွက် ထူးထူးခြားခြားကူညီပေးလိုက်တဲ့ ဆရာဝန်တစ်ဦးရဲ့သတင်းကတော့ လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ ချီးကျူးမှုများစွာကို ရရှိနေခဲ့ပါတယ်။

တက္ကဆက်ပြည်နယ်တောင်ပိုင်း၊ ဆန်အန်တိုနီယို (San Antonio) မြို့ဆေးရုံက ဒေါက်တာ ရေး အယ်လ်တာမီရာနို (Dr. Ray Altamirano) ဟာ ဆေးကုသစရိတ်အခက်အခဲရှိနေတဲ့ အသက် (၇၄) နှစ်အရွယ် ဒူးဝေဒနာသည်လယ်သမားကြီးတစ်ဦးအတွက် အကူအညီရနိုင်ဖို့ ကြိုးပမ်းပေးနေတာပါ။ အခုလို သေရေးရှင်ရေးကိစ္စမျိုးမှာ ဝိုင်းပြီးကူပေးကြဖို့ တကယ်ကို အနူးအညွတ်တောင်းဆိုချင်ပါတယ် လို့လည်း သူကပန်ကြားထားပါတယ်။

လယ်သမားကြီးဟာ ဒူးဝေဒနာကိုခံစားနေရသူဖြစ်ပြီး Hyalgan ဆိုတဲ့ အရိုးနုထိုးဆေးကိုထိုးမှပဲ (၆) လလောက် သက်သက်သက်သာသာနေနိုင်မယ့်အခြေအနေပါ။ ဒူးနှစ်ဘက်လုံးအတွက်ထိုးဆေးဖိုးက ဒေါ်လာ (၁၂၀၀) လောက်ကုန်ကျမှာ ဖြစ်လို့ လယ်သမားအိုကြီးအတွက်တော့ ဒါက မတတ်နိုင်တဲ့ပမာဏပါ။ ဒါကြောင့်ပဲ ဒေါက်တာ အယ်လ်တာမီရာနိုက ဒီစရိတ်စကအတွက် ကူညီရှာဖွေပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ထူးဆန်းနေတာကတော့ ဒေါက်တာ အယ်လ်တာမီရာနိုက ဆေးကုသစရိတ်ရဖို့ကို အလှူခံနေတာမျိုးမလုပ်ခဲ့ဘဲ သူဖန်တီးရေးဆွဲထားတဲ့ပန်းချီကားတွေကို ပြခန်းဖွင့်ရောင်းချဖို့ စီစဉ်လိုက်တာပါ။ သူ့ရဲ့ ဝါသနာအလုပ်တစ်ခုကို အသက်မွေးအလုပ်အဖြစ်ပြောင်းလဲလိုက်တာလည်းဖြစ်ပါတယ်။

“ဝေဒနာကြောင့် အလုပ်လုပ်ဖို့မစွမ်းနိုင်တော့တာကို နေ့တိုင်းတွေမိးရင်း သူ့ကိုယ်သူ ဘာမှအသုံးမဝင်တဲ့လူတစ်ယောက်လို့ ခံစားနေရတာ။ ဒါနဲ့ပဲ ကူညီဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ လူနာလယ်သမားကြီးနဲ့ပတ်သက်ပြီး ဒေါက်တာ အယ်လ်တာမီရာနိုက ပြောပြခဲ့ပါတယ်။

“ဆေးကုစရိတ်ငွေကြေးရလာဖို့အတွက် ကျွန်တော်ဖန်တီးထားတဲ့ အနုပညာလက်ရာတွေ ရောင်းပြီးရှာတာပါ။ ‘တစ်ပါးသူတွေအတွက် မေတ္တာတရားတွေဖြန့်ဝေပေးရင်း ရှင်သန်မယ်’ ဆိုတာက ကျွန်တော့်ရဲ့ လက်စွဲဆောင်ပုဒ်လေ”

ပန်းချီကားတွေအားလုံးမှာ “Amar es vivir” လို့ လက်မှတ်ရေးထိုးထားပြီး တချို့ပန်းချီကားတွေထဲကသွင်ပြင်တွေကို အလွယ်တကူသဘောပေါက်နိုင်ပေမဲ့ တချို့ကတော့ နားလည်ဖို့ခက်တဲ့ပုံစံတွေဖြစ်ပါတယ်။ ပန်းချီကားတွေကို ဝယ်ယူလိုသူတွေအနေနဲ့ ပြခန်းအပြင် အွန်လိုင်းပေါ်မှာလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်ကာလတွေဆီကို ပြန်တမ်းတလွမ်းဆွတ်စရာဖြစ်အောင်ရေးဆွဲထားတဲ့ပန်းချီလက်ရာတွေက လူနာလယ်သမားအိုကြီးအတွက် ကူညီဖေးမမှုတွေကို ယူဆောင်လာပေးမယ်လို့ သူက ယုံကြည်ထားပါတယ်။

လူတွေနဲ့ အဆက်အသွယ်ပြုဖို့နဲ့ ဆေးပညာလေ့လာတဲ့ကိစ္စတွေမှာ ဘုရားက ကျွန်တော့်ကို အစွမ်းတွေပေးထားတယ်လို့ ခံစားရတယ်။ အခုလုပ်တဲ့နည်းလမ်းကလည်း ကျွန်တော့်အတွက်အဓိပ္ပာယ်ရှိစေတဲ့ တစ်ခုတည်းသောနည်းလမ်းပါပဲ လို့ ဒေါက်တာ အယ်လ်တာမီရာနိုကပြောခဲ့ပြီး ပန်းချီကားရောင်းရငွေမှန်သမျှကို လူနာလယ်သမားကြီးရဲ့ ဆေးကုသဖို့စရိတ်အတွက် အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။

Ref: Wjla “Doctor side hustles as a painter to help offset patient medication costs”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top