ရထားလမ်းပေါ်မှာ သတိလစ်နေသူကို ကယ်တင်ပေးခဲ့တဲ့လူငယ် ကားအသစ်တစ်စီး ချီးမြှင့်ခံရ

14-6-2022-yyl01.jpg

လျှပ်စစ်ရထားလမ်းပေါ် ပြုတ်ကျသွားပြီး ဓာတ်လိုက်နေတဲ့ သူစိမ်းတစ်ယောက်ကို အသက်ကယ်ပေးခဲ့လို့ သူရဲကောင်းအဖြစ် ချီးကျူးခံခဲ့ရသူဟာ ကားအသစ်တစ်စီး ချီးမြှင့်ခံခဲ့ရပါတယ်။ ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာရှိတဲ့ ၆၉ လမ်း မျဉ်းနီဘူတာရုံမှာ ၃၂ နှစ်အရွယ် အမျိုးသားတစ်ယောက် ရထားစောင့်နေတုန်း လူတစ်ယောက်က သူ့အနားကပ်လာပြီး တံတွေးနဲ့ထွေးခဲ့လို့ နှစ်ယောက်သား လုံးထွေးသတ်ပုတ်ရင်း ရထားလမ်းပေါ် ပြုတ်ကျသွားခဲ့ပါတယ်။

အဲဒီအချိန်မှာ ဘူတာရုံကို ရထားဝင်လာပေမဲ့ သူတို့နားမရောက်ခင် ရပ်တန့်နိုင်ခဲ့ပါတယ်။ အမျိုးသား ၂ ယောက်ထဲမှာ တစ်ယောက်က စင်္ကြံလမ်းပေါ် ပြန်တက်လာနိုင်ခဲ့ပေမဲ့ နောက်တစ်ယောက်ကတော့ လျှပ်စစ်စီးနေတဲ့ တတိယမြောက် ရထားလမ်းနဲ့ ထိမိလို့ ဓာတ်လိုက်ပြီး သတိလစ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို လူအများအပြား မြင်တွေ့ပေမဲ့ ဖုန်းတွေထုတ်ကာ ဗီဒီယို/ဓာတ်ပုံ ရိုက်နေကြပြီး ဝိုင်းဝန်းကူညီပေးခဲ့ခြင်း မရှိပါဘူး။

အဲဒီနောက်မှာတော့ အသက် ၂၀ အရွယ်ရှိတဲ့ အန်သိုနီပါရီက စင်္ကြံလမ်းပေါ်ကနေ ခုန်ဆင်းပြီး သတိလစ်နေသူကို ဆွဲထူပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆေးအဖွဲ့ ရောက်မလာခင် တခြားသူတစ်ဦးရဲ့ အကူအညီနဲ့အတူ အန်သိုနီပါရီက သတိလစ်နေသူကို နှလုံးပြန်ခုန်လာအောင် CPR လုပ်ပေးခဲ့ပါတယ်။

သတိလစ်နေသူကို ကူညီပေးခဲ့တဲ့ အန်သိုနီပါရီရဲ့ ရုပ်သံမှတ်တမ်းက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး တစ်ရက်ခွဲအကြာမှာတော့ ချီကာဂိုမြို့ ပရဟိတသမား အားလီးဝေါ်လ်ကာက အန်သိုနီပါရီကို ကားအသစ်တစ်စီး ချီးမြှင့်ပြီး အံ့အားသင့်စေခဲ့တာပါ။ ” ဒီလူက သတိလစ်နေပြီ။ တကယ်လို့ ကျွန်တော်မှ မကူညီရင် တခြားဘယ်သူကများ ကူညီလိမ့်မလဲလို့ တွေးမိတယ်။ အားလုံးက ဖုန်းတွေကိုယ်စီနဲ့ မတ်တတ်ရပ်ပြီး မှတ်တမ်းတင်နေကြတယ်လေ” လို့ အန်သိုနီပါရီက ပြောပါတယ်။

အန်သိုနီပါရီဟာ ရှိစုမဲ့ငွေလေးနဲ့ ကားအစုတ်တစ်စီး ဝယ်ထားပေမဲ့ အလုပ်သွား၊ အလုပ်ပြန်အတွက် အများပြည်သူ ပို့ဆောင်ရေးစနစ်ကိုပဲ အဓိကအားထားနေရသူပါ။ ဒီအကြောင်း သိသွားလို့လည်း ဝေါ်လ်ကာက သူ့ကို ကားအသစ်တစ်စီး ဝယ်ပေးခဲ့တာပါ။ ကားအသစ်ကြောင့် အလုပ်ကို အသွား၊ အပြန်လုပ်ဖို့ အရင်လို တစ်နာရီကျော် ကြာတော့မှာ မဟုတ်ဘဲ နာရီဝက်လောက်ပဲ ကြာတော့မယ်လို့ အန်သိုနီပါရီက ဆိုပါတယ်။

Ref: Sunnyskyz ” Chicago Man Who Saved Stranger From Train Tracks Is Surprised With New Car”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top