Cereal ဗူး (၅၀၀၀) နီးပါး နဲ့ ယူကရိန်းအလံပုံ ဖန်တီးပြီး ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားနေတဲ့ ဆယ်ကျော်သက်လူငယ် (၂) ဦး

26-8-2022-yyl-10.jpg

Cereal ဗူး (၅၀၀၀) နီးပါး နဲ့ ယူကရိန်းအလံပုံ ဖန်တီးပြီး ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားနေတဲ့ ဆယ်ကျော်သက်လူငယ် (၂) ဦး

ချီကာဂိုမြို့က ဆယ်ကျော်သက်လူငယ်လေး (၂) ဦးက ထူးခြားတဲ့ အနုပညာပရောဂျက်တစ်ခုလုပ်ပြီး ကမ္ဘာ့စံချိန်ချိုးဖို့ ကြိုးစားနေပါတယ်။ အဲဒီဆယ်ကျော်သက် (၂) ဦးက ရိုင်ဒါ ရှီဖ်မန်းနဲ့ မိုက်ကယ် ကိုချာတို့ပါ။ သူတို့သူငယ်ချင်း (၂) ဦးက ယူကရိန်းနိုင်ငံကို အားပေးပံ့ပိုးရင်း Cereal ဗူးပေါင်းများစွာနဲ့ ယူကရိန်းအလံပုံ ဖန်တီးခဲ့တာပါ။ သူတို့က အဲဒီဖန်တီးမှုနဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းဝင်ချင်တာပါ။

ယူကရိန်းအလံပုံဖန်တီးတဲ့ ဆယ်ကျော်သက် (၂) ဦး

ချီကာဂိုမြို့ရဲ့ Latin School မှာ တက်နေတဲ့ သူတို့ (၂) ဦးက ယူကရိန်းအလံပုံဖန်တီးဖို့အတွက် Kellogg’s တံဆိပ် cereal ဗူး (၄၉၃၂) ဗူး အသုံးပြုခဲ့ရပါတယ်။ ယူကရိန်းအလံက အဝါရောင်နဲ့အပြာရောင်ဖြစ်တဲ့အတွက် အဝါရောင်အပိုင်းအတွက် Corn Pops အရသာဗူးနဲ့ အပြာရောင်အပိုင်းအတွက် Rice Krispies အရသာဗူးတွေကို သုံးခဲ့ပါတယ်။

Chicago Children United for Ukraine အဖွဲ့နဲ့အတူ အလံပုံဖန်တီးနေစဉ်

ဗူးအကုန်လုံးကို စီဖို့အတွက် Chicago Children United for Ukraine အဖွဲ့ရဲ့အဖွဲ့ဝင်ဆီက အကူအညီတချို့ကိုလည်း ရယူခဲ့ပါတယ်။ ကြီးမားလှတဲ့ အလံပုံကို Wintrust Grand Banking ခန်းမမှာ ဩဂုတ်လ ၁၀ နဲ့ ၁၂ ကြား ဖန်တီးခဲ့တာပါ။ Kellogg’s က ပံ့ပိုးပေးခဲ့တဲ့ Cereal ဗူးတွေကို နောက်ပိုင်းကျရင် Greater Chicago Food Depository အဖွဲ့အစည်းကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

Chicago Children United for Ukraine အဖွဲ့နဲ့အတူ ဆယ်ကျော်သက် (၂) ဦး

ဒီဆယ်ကျော်သက်လေး (၂) ဦးက ယူကရိန်းနိုင်ငံအတွက် ရန်ပုံငွေ ဒေါ်လာ ၂၅၀၀၀ ကျော်ရှာဖို့ GoFundMe ထောင်ခဲ့ပါတယ်။ ဒါက ပရောဂျက်အစမှာ သူတို့ သတ်မှတ်ထားတဲ့ရည်မှန်းချက်လည်းဖြစ်ပါတယ်။ ဒီငွေတွေကို နယူးယောက်အခြေစိုက် အကျိုးမမြတ်မယူတဲ့ ယူကရိန်း-အမေရိကန်လူ့အခွင့်အရေးအဖွဲ့အစည်း Razom ကို ပေးအပ်သွားမှာပါ။

အလံပုံကို တိုင်းတာတော့ အနံ ၃၄ ပေနဲ့ အလျား ၈၆ ပေ ရှိပါတယ်။ ကမ္ဘာ့စံချိန်မှတ်တမ်းဝင်လားမဝင်လားဆိုတာ မသိရသေးပါဘူး။ ဒီပရောဂျက်အတွက် လျှောက်လွှာတင်တာကို လက်ခံရရှိထားပြီးဖြစ်ပြီး လောလောဆယ် ပြန်လည်သုံးသပ်ဖို့ အထောက်အထားတွေကို စောင့်ဆိုင်းနေတယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

Ref: People “Chicago Teens Attempt World Record by Creating Larger-Than-Life Ukrainian Flag with 5,000 Cereal Boxes”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top