သူဖုန်းစား သားအဖ

30.8.23-yyl-၂၆.jpg

” သတင်းကောင်း ရထားတယ် ငါ့သားရေ။ ဟိုဘက်လမ်းက လူချမ်းသာတစ်ယောက်အိမ်မှာ ပါတီပွဲ အကြီးအကျယ် လုပ်နေတယ်။ လူချမ်းသာတွေ တော်တော်များများ လာလိမ့်မယ်။ ဒီတော့ ဒေါ်လာ ၂၀ လောက်ရအောင် သွားတောင်းချေ။ သူတို့အတွက် ဒီငွေပမာဏက မပြောပလောက်ဘူးကွ”လို့ သူဖုန်းစား အဖေက သူ့သားကို ပြောတယ်။

သူ့အဖေက ဒီလိုပြောလိုက်တာနဲ့ သားဖြစ်သူကလည်း အခွင့်အရေးကို လက်မလွှတ်ဖို့ ပါတီပွဲရှိရာကို ချက်ချင်းထွက်သွားတယ်။ ဒါပေမဲ့ တစ်နာရီလောက်နေရင် လက်ဗလာနဲ့ ပြန်ရောက်လာတယ်။
” တပြားမှတောင် မရခဲ့ပါဘူး အဖေရာ။ လူချမ်းသာတွေက ရက်ရောပြီး ကြင်နာတတ်မယ်လို့ တွေးခဲ့မိတာ မှားတာပဲ။ ကလေးတွေက ကျွန်တော်ကို လှောင်ပြောင်လိုက်ကြတယ်။ လူကြီးတွေကလည်း ကျွန်တော့်ကို နည်းနည်းလေးတောင် မစွန့်ကြဲကြဘူး”ဒီစကားကြားတော့ ဖခင်လည်း စိတ်ပျက်သွားတာပေါ့။

” တော်တော်ဆိုးတာပဲ ငါ့သားရေ။ သူတို့က ကျိကျိတက် ချမ်းသာသူတွေပါကွ။ အပြစ်မရှိတဲ့ ဆင်းရဲသားကလေးတစ်ယောက်ကို ဘာလို့ မကူညီကြတာလဲ။ နောက်တစ်ခါ ထပ်သွားတောင်းချေကွာ။ ဒီတစ်ခါ ကျွန်တော်တို့ တစ်မိသားစုလုံး ဆာလောင်နေကြတယ်။ ဘာမှ မစားရသေးဘူး။ စားစရာဝယ်ဖို့ ဒေါ်လာ ၂၀ လောက်ပေးပါလို့ တောင်းချေကွာ။ အဲဒါဆို သူတို့ စွန့်ကြဲကောင်း စွန့်ကြဲမှာပါ” လို့ ဖခင်က ပြောလိုက်တယ်။

ကောင်လေးလည်း ရလိုရငြားဆိုတဲ့ စိတ်နဲ့ ပါတီပွဲကို ထပ်သွားတယ်။ ခဏအကြာတော့ ပြန်ရောက်လာတယ်။ ဒီတစ်ခါလည်း သူ့လက်ထဲမှာ တပြားမှ ပါမလာဘူး။
” ကျွန်တော့်ကို ဘယ်သူမှ အဖက်မလုပ်ကြပါဘူး အဖေရာ။ အမှိုက်တစ်စလိုပဲ သဘောထားကြတာပါ”
ဖခင်လုပ်သူက သက်ပြင်းချလိုက်တယ်။

” ဟုတ်ပြီကွာ ငါ့သား။ အဖေ သွားတောင်းကြည့်မယ်။ အဖေ့ကိုတောင် သူတို့ ပေးကောင်းပေးနိုင်ပါတယ်ကွာ”လို့ ပြောပြီး ထွက်သွားပါတယ်။
တအောင့်ကြာတော့ အဖေလုပ်သူက အိတ်ထဲမှာ ငွေတွေအပြည့်နဲ့ ပြန်ရောက်လာတယ်။
” ကြည့်ပါဦး သားရေ။ အဖေ ရလာတာ ဒေါ်လာ ၂၀ တောင် မကဘူးကွ။ မဆန်းပေဘူးလား”
ကောင်လေးလည်း ငွေတွေကို မြင်တော့ ပျော်သွားတယ်။ တဆက်တည်းမှာပဲ ခေါင်းခါပြီး နားမလည်နိုင်သလို ဖြစ်နေတယ်။ ” အဖေ့ကိုကျတော့ သူတို့ ဘာလို့ စွန့်ကြဲကြသလဲဗျ။ အဖေ သွားတာ ဘာမှတောင် မကြာလိုက်ဘူး။ ကျွန်တော့်ကျတော့ တပြားမှတောင် မပေးဘူး”

” ငါ့သားက တစ်ယောက်တည်းကို ဒေါ်လာ ၂၀ သွားတောင်းတာကိုးကွ။ အဖေက တစ်ယောက်ကို ၂ ဒေါ်လာစီနဲ့ လူ ၁၀ ယောက်ကို လိုက်တောင်းတာလေ။ တချို့ဆို ၂ ဒေါ်လာတောင် မကဘူး၊ ပေးသွားကြတယ်။ အဖေတို့ သားအဖကြားမှာ ကွာခြားသွားတာ အဖေက အသေးအမွှားလေးတွေကို အဓိကထားပြီး မင်းက ကြီးကြီးမားမားကို အာရုံစိုက်တာကိုး” လို့ ဖခင်က ပြုံးပြီး ပြောလိုက်တယ်။
ပြီးတော့ ဆက်ပြောသေးတယ်။ ” ငါ့သားရေ။ အဖေတို့ဘဝမှာ ကြီးမားတဲ့အရာတွေကိုပဲ အာရုံစိုက်မိလေ့ရှိတယ်။ အသေးအမွှားတွေကို လျစ်လျူရှုထားမိတတ်တယ်။ တကယ်တော့ အဖေတော့ မအောင်မြင်ဘူး၊ ကျရှုံးတယ်ဆိုတာ မကြိုးစားကြလို့ မဟုတ်ဘူးကွ။ အသေးအမွှားလေးတွေကို အာရုံမစိုက်မိကြတာ။ နောက်ဆုံးမှာ အသေးအမွှားတွေကို မဖမ်းဆုပ်နိုင်လို့ ကြီးမားတဲ့အရာတွေကို ဆုံးရှုံးကြရတယ်။ အဲဒီ အသေးအမွှားတွေကပဲ တစ်ဦးနဲ့ တစ်ဦး ကွာခြားသွားစေတာကွ။ တကယ်တော့ ဘဝမှာ အသေးအမွှားတွေက တော်တော်အရေးကြီးတယ်”

Ref: Chima Dickson

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top