COVID-19 ဖြစ်ပွားချိန်အတွင်းမှာ သမီးဖြစ်သူ သူနာပြုမလေးကို မိခင်ဖြစ်သူက အိပ်ရာခင်းခြုံပေးပြီး ပွေ့ဖက်ခဲ့ရ

9-4-2020-yyl-017.jpg

လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းက တိုက်ဖျက်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ မိသားစုတွေကိုတောင် တွေ့ခွင့်မရကြပါဘူး။ အဲဒီလိုပဲ ချာရီ နောတန် ဆိုသူအမျိုးသမီးက ICU သူနာပြုမလေးဖြစ်သူ သူ့ရဲ့သမီးနဲ့ လွန်ခဲ့တဲ့လကတည်း ခပ်ခွာခွာနေခဲ့ရပါတယ်။ ကယ်ဆေး ကာ ဟာ သူ့ရဲ့လူနာတွေအတွက် ဆုတောင်းအိတ်ကလေးတွေ ယူပေးဖို့အတွက် အိုဟိုင်းယိုးပြည်နယ်မှာရှိတဲ့ သူ့ရဲ့အမေအိမ်ကို ရောက်ခဲ့တဲ့အခါမှာ သူ့ရဲ့သမီးကို မပွေ့ဖက်ရတာကြာတဲ့အတွက် ပွေ့ဖက်ချင်ခဲ့တယ်လို့ ချာရီက ပြောပါတယ်။

ချာရီဟာ သူ့ရဲ့သမီးကို မြန်မြန်ဆန်ဆန်ထွေးပွေ့ဖို့အတွက် အဝတ်ခြင်းထဲက အိပ်ရာခင်းကို ယူပြီး သူ့သမီးကာဆေးပေါ် လွှမ်းခြုံပေးခဲ့ပါတယ်။ “သမီး အဆင်ပြေရဲ့လားဆိုတာ ကျွန်မသိချင်ရုံပါ။ ဒါမှ သူ့ကို တွေ့ရမယ့် အခွင့်အရေးရှိမှာပါ။ ကျွန်မ သူ့အပေါ်ကို အိပ်ရာခင်းလွှမ်းခြုံပေးခဲ့ပါတယ်။ ကျွန်မ သမီးကို ထွေးပွေ့ချင်ခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်မှာ အိပ်ရာခင်းခြုံထားမယ်ဆိုရင် ကျွန်မပွေ့ဖက်လို့ရနိုင်မယ်လို့ တွေးခဲ့တာပါ။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကအရမ်းကို အထီးကျန်သလိုခံစားနေရတာကို ကျွန်မ ဆိုရှယ်မီဒီယာပေါ်မှာ မြင်ရပါတယ်။ သမီးကိုလည်း အဲဒီလိုမဖြစ်ချင်စေခဲ့ပါဘူး” လို့ ချာရီက ဆိုပါတယ်။

မိခင်ရဲ့ပွေ့ဖက်မှုက ကာဆေးအတွက် အထူးသီးသန့်လက်ဆောင်ဖြစ်ခဲ့ပါတယ်။ “ဒါက အရမ်းကောင်းပါတယ်။ ကျွန်မတို့တွေက အမြဲတမ်းပွေ့ဖက်ခဲ့တာပါ။ အခုလိုအချိန်မှာ ပုံမှန်မဟုတ်ပါဘူး။ အမေကို ထွေးပွေးနိုင်ခဲ့ပါတယ် ” လို့ ခင်ပွန်းနဲ့ သီးခြားနေထိုင်နေရတဲ့ ကာဆေးကပြောပါတယ်။ သားအမိနှစ်ယောက်ပွေ့ဖက်နေတဲ့ပုံကို ဖြတ်သွားတဲ့အိမ်နီးနားချင်းက ဓာတ်ပုံရိုက်ထားခဲ့တာပါ။

သူ့သမီးကို ပွေ့ဖက်ပြီးတဲ့နောက်မှာ ကားဂိုဒေါင်ထဲကို အိပ်ရာခင်းကို ထည့်ထားခဲ့ပြီး မလျှော်ပစ်ခင်မှာ ရက်အနည်းငယ်အဲဒီမှာ ထားမယ်လို့ ချာရီက ပြောပါတယ်။ သူ့ရဲ့လက်ကိုလည်း သေချာသန့်စင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပွေ့ဖက်နေတဲ့အချိန်တုန်းက ကာဆေးကလည်း Mask ဝတ်ဆင်ထားပါတယ်။ သူတို့မိသားစုဟာ ကာဆေးက သူနာပြုအဖြစ် လူနာတွေနဲ့ အနီးကပ်နေရတဲ့အတွက် ချာရီနဲ့သူ့ခင်ပွန်းတို့ရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေတို့ကြောင့် ခပ်ခွာခွာနေကြရပါတယ်။

ကာဆေးက Christ Hospital မှာ တစ်ပတ်ကို (၁၂) နာရီအဆိုင်း (၄) ခါဆင်းရပါတယ်။ ကာဆေးနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ပွေ့ဖက်တာ၊ လက်ဝါးချင်းရိုက်တာတွေ မလုပ်ကြရပါဘူး။ ဒါပေမဲ့ အားတတ်စေမယ့်စကားတွေနဲ့ အချင်းချင်း နှစ်သိမ့်ပေးတာတွေလုပ်ကြရပါတယ်။ သူ့နဲ့သူ့မိခင်တို့ ပွေ့ဖက်နေတဲ့ပုံမှာ လူတွေက မျှော်လင့်ချက်ရောင်ခြည်လေး အနည်းငယ်မြင်ရမယ်လို့ မျှော်လင့်မိတယ်လို့ ကာဆေးက ဆိုပါတယ်။ “အခု အခက်အခဲတွေ အများကြီးပါပဲ။ ဒါပေမဲ့ ဒါကို ကျွန်မတို့ ကျော်ဖြတ်သွားတော့မှာပါ။ အဆုံးသတ်မှာ ကျွန်မတို့ အတူတူရှိတော့မှာပါ။ ရောက်ဖို့ နည်းနည်းပဲလိုပါတော့မယ်” လို့ ကာဆေးကပြောပါတယ်။

Ref: Mom covers her ICU nurse daughter in a sheet to give her a hug amid coronavirus pandemic

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top