ရှုဆေးအဖြစ် ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ တရုတ်နိုင်ငံ ခွင့်ပြု

7.9-2022-yyl-06.jpg

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးရေးကို အဓိကဦးစားပေးအနေနဲ့ ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံကတော့ ရှူဆေးအဖြစ် ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပါပြီ။ CanSino Biologics ဆေးကုမ္ပဏီကနေ ထုတ်လုပ်တဲ့ ရှုဆေးကို booster အဖြစ် အရေးပေါ်အသုံးပြုနိုင်တယ်လို့ တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က အတည်ပြုပေးခဲ့တာပါ။ အငွေ့ရှူစက်ထဲက ဆေးငွေ့ကို ပါးစပ်နဲ့ ရှုသွင်းရမှာဖြစ်ပြီး ဆေးနာမည်ကတော့ Convidecia Air ပါ။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဆေးဝါးကုမ္ပဏီတွေက နှာခေါင်းနဲ့ ပါးစပ် အသုံးပြုရပြီး ဆေးထိုးအပ်မလိုတဲ့ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး နည်းလမ်းသစ်တွေကို သုတေသနလုပ်နေကြပြီး ကိုဗစ်ကာကွယ်ဆေး ရှုဆေးတွေထဲမှာတော့ (Convidecia Air အပါအဝင်) လူတွေနဲ့ စမ်းသပ်နိုင်တဲ့အဆင့် ရောက်တဲ့ ဆေး(၂)မျိုးပဲ ရှိပါသေးတယ်။

ပြီးခဲ့တဲ့သြဂုတ်လနောက်ပိုင်း တရုတ်နိုင်ငံရဲ့ မြို့ပေါင်း ၇၀ ကျော်ဟာ လုံးဝပိတ်ဆို့မှု (သို့မဟုတ်) တစိတ်တပိုင်း ပိတ်ဆို့မှုတွေ ကြုံခဲ့ရပြီး လူသန်း ၃၀၀ ကျော်အပေါ် သက်ရောက်မှု ရှိခဲ့တယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။ သက်ကြီးရွယ်အိုတွေကြားမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးနေတယ်ဆိုပြီး တရုတ်အာဏာပိုင်တွေက ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်းတွေ ချမှတ်နေတာပါ။

ပြီးခဲ့တဲ့သြဂုတ်လက အသေးစားလေ့လာမှုအရ CoronaVac ကာကွယ်ဆေး ၂ ကြိမ် ထိုးထားသူတွေဟာ CoronaVac ကာကွယ်ဆေးကို တတိယအကြိမ် ထိုးတာထက်စာရင် Convidecia Air ရှုဆေးကို booster အဖြစ် အသုံးပြုမှုက ကိုယ်ခံအားစနစ်ကို ပိုကောင်းမွန်စေတယ်လို့ တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ အဲဒီစမ်းသပ်မှုမှာတော့ Convidecia Air ရှုဆေးက တခြားသူတွေဆီကနေ ရောဂါကူးမခံရအောင် ကာကွယ်ပေးတာလား၊ တခြားသူတွေဆီကို ရောဂါမပြန့်သွားအောင် ကာကွယ်ပေးတာလားဆိုတာ စမ်းသပ်ခဲ့ခြင်း မရှိပါဘူး။

Convidecia Air ရှုဆေးဟာ Johnson & Johnson ၊ Oxford AstraZeneca ကာကွယ်ဆေးတွေလိုပဲ အာနိသင်မဲ့ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ထဲ ထည့်သွင်းပြီး ကိုယ်ခံအားစနစ်က ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ ပရိုတိန်းစူးချွန်တွေကို ရင်ဆိုင်တွန်းလှန်နိုင်စွမ်းရှိအောင် လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။

Ref: China approves world’s first inhaled Covid vaccine for emergency use

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top