ရွှေတံဆိပ်ဆုရခဲ့တဲ့ သူရဲကောင်း မိုင်းရှင်းလင်းရေးကြွက်ကလေး သေဆုံး

12-2-2022-yyl1.jpg

သူရဲကောင်းဆန်ဆန် လှုပ်ရှားခဲ့လို့ ရွှေတံဆိပ်ဆု ချီးမြှင့်ခံခဲ့ရတဲ့ နာမည်ကျော် မိုင်းရှင်းလင်းရေးကြွက်ငယ်လေး မက်ဂါဝါဟာ အသက် ၈ နှစ်မှာ သေဆုံးသွားခဲ့ပါတယ်။ မိုင်းရှင်းလင်းရေးတာဝန်ကို ၅ နှစ်ကြာ ထမ်းဆောင်ခဲ့တဲ့ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ တခြားဖောက်ခွဲရေးပစ္စည်း ၁၀၀ ကျော်ကို အနံ့ခံပေးနိုင်ခဲ့ပါတယ်။

မိုင်းရှင်းလင်းရေးအဖွဲ့ဝင်တွေ ဘေးကင်းလုံခြုံစွာ မိုင်းရှင်းနိုင်ဖို့အတွက် ကြွက်ကလေးက မိုင်းနံ့ရရင် သူ့ရဲ့ထိန်းသိမ်းသူကို အချက်ပြပေးပါတယ်။ မက်ဂါဝါဟာ ဘယ်လ်ဂျီယံ ပရဟိတအဖွဲ့ Apopo က လေ့ကျင့်ပေးခဲ့တဲ့ မိုင်းရှင်းလင်းရေးကြွက်တွေထဲမှာ အအောင်မြင်ဆုံးပါပဲ။မက်ဂါဝါဟာ ပြီးခဲ့တဲ့တစ်ပတ်က ကျန်းမာရေး ကောင်းကောင်းမွန်မွန်ရှိခဲ့ပြီး ပုံမှန်အတိုင်း ဆော့ကစားနေခဲ့ပေမဲ့ အားလပ်ရက်အရောက်မှာ လေးလံနှေးကွေးပြီး အရင်ကထက် ပိုအိပ်လာသလို အစာကိုလည်း ဟက်ဟက်ပက်ပက် မစားတော့ဘဲ သေဆုံးသွားခဲ့တာပါ။

တန်ဇန်းနီးယားနိုင်ငံမှာ သားဖောက်ခဲ့တဲ့ မက်ဂါဝါကို တစ်နှစ်ကြာ လေ့ကျင့်ပေးခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံထံ ပို့ဆောင်ခဲ့တာပါ။ ကမ္ဘောဒီးယားနိုင်ငံမှာ မြေမြှုပ်မိုင်း ၆ သန်းအထိ ရှိတယ်လို့ ဆိုကြပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေထဲမှာပါတဲ့ ဓာတုဒြပ်ပေါင်းကို အနံ့ခံဖို့ လေ့ကျင့်ပေးထားတဲ့ မက်ဂါဝါဟာ ဘောလုံးကွင်း ၂၀ စာနဲ့ညီမျှတဲ့ မြေအကျယ် ၁၄၁,၀၀၀ စတုရန်းမီတာကျော်ကို မိုင်းရှင်းလင်းရေး လုပ်ပေးနိုင်ခဲ့ပါတယ်။

ခန္ဓာကိုယ်အလေးချိန် ၂.၆ ပေါင်ရှိပြီး ၂၈ လက်မ ရှည်လျားတဲ့ မက်ဂါဝါဟာ တခြားကြွက်မျိုးစိတ်တွေထက် အများကြီး ကြီးပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ် အရွယ်အစားနဲ့ အလေးချိန်ကြောင့် မိုင်းတွေပေါ် ဖြတ်သွားမိရင်တောင် ပေါက်ကွဲမှု ဖြစ်စေနိုင်ခြင်း မရှိပါဘူး။ မက်ဂါဝါဟာ တင်းနစ်ကွင်းတစ်ကွင်းစာ မြေအကျယ်အဝန်းကို မိနစ် ၂၀ တည်းနဲ့ ရှာဖွေမှုလုပ်နိုင်စွမ်း ရှိပါတယ်။ ပုံမှန်အားဖြင့် သတ္တုရှာဖွေရေးပစ္စည်း ကိုင်ဆောင်ပြီး လူတစ်ယောက် မိုင်းရှာမယ်ဆိုရင် အဲဒီအကျယ်အဝန်းတစ်ခုလုံးကို ရှာဖွေဖို့ တစ်ရက်ကနေ ၄ ရက်အထိ ကြာမြင့်နိုင်တယ်လို့ Apopo က ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ မက်ဂါဝါကို (တိရစ္ဆာန်တွေအတွက် ဂျော့ဘုရင်ဆုလို့ ခေါ်ကြတဲ့) PDSA ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။ သူဟာ ပရဟိတအဖွဲ့ရဲ့ ၇၇ နှစ်ကြာမြင့်တဲ့ သမိုင်းတစ်လျှောက် ရွှေတံဆိပ်ဆု ချီးမြှင့်ခံရတဲ့ ပထမဆုံးကြွက်ကလေး ဖြစ်လာခဲ့ပါတယ်။ အသက်ကြီးလာလို့ နှေးကွေးလေးလံလာတာကြောင့် ပြီးခဲ့တဲ့နှစ် ဇွန်လမှာတော့ မက်ဂါဝါကို မိုင်းရှင်းလင်းရေးတာဝန်ကနေ အနားပေးခဲ့ပါတယ်။

” Apopo မှာ ရှိသူအားလုံး မက်ဂါဝါကို ဆုံးရှုံးရလို့ ထိခိုက်ခံစားရပါတယ်။ သူ့ရဲ့ မယုံနိုင်စရာ စွမ်းဆောင်မှုတွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ အံ့အားသင့်စရာ အနံ့ခံနိုင်စွမ်းကြောင့် ကမ္ဘောဒီးယားပြည်သူတွေဟာ ခြေလက်ပြတ်မှာ စိုးရိမ်ပူပန်စရာမလိုဘဲ ရှင်သန်၊ လှုပ်ရှား၊ ကစားနိုင်ခဲ့တာပါ” လို့ Apopo ပရဟိတအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Apopo ဟာ ၁၉၉၀ ပြည့်နှစ်တွေကစတင်ပြီး မြေမြှုပ်မိုင်း ရှာဖွေရေးအတွက် သူရဲကောင်းကြွက်တွေလို့ လူသိများတဲ့ ကြွက်တွေကို စတင်မွေးမြူလေ့ကျင့်ပေးခဲ့တာပါ။

Ref: BBC “Magawa, the landmine-sniffing hero rat, dies aged eight”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top