စပိန်တုပ်ကွေးကာလတုန်းက Social Distancing လုပ်ဖို့ အကြံပြုခဲ့လို့ အလုပ်ထုတ်ခံခဲ့ရသူ

27-7-2020-yyl-035.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါလိုပဲ ၁၉၁၈ခုနှစ်ကလည်း လူသန်းချီသေဆုံးခဲ့တဲ့ စပိန်တုပ်ကွေးဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီစပိန်တုပ်ကွေးကာလမှာ ဝါရှန်တန်ရဲ့ ကျန်းမာရေးတာဝန်တွေယူခဲ့ရတဲ့ ကော်မရှင်အဖွဲ့ဝင်ဖြစ်ခဲ့သူက ဒေါက်တာ သောမတ်စ် ဒိုင်ယာ တတ်တယ် (Thomas Dyer Tuttle) ဖြစ်ပါတယ်။ ဒေါက်တာ သောမတ်စ် ဒိုင်ယာ တတ်တယ်နဲ့ လက်ရှိကပ်ရောဂါကို တွန်းလှန်ပေးနေတဲ့ ဒေါက်တာ အန်တိုနီ ဖော်စီ (Anthony Fauci) တို့ရဲ့တူညီတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ တူညီတဲ့အရာ တော်တော်များများကို လူတွေက ရှာဖွေနေကြပါတယ်။

ဒေါက်တာ အန်တိုနီ ဖောစီလိုပဲ ဒေါက်တာ သောမတ်စ်ဟာ ၁၉၁၈ခုနှစ်တုန်းက စပိန်တုပ်ကွေးကပ်ရောဂါက နှေးကွေးသွားဖို့အတွက် Mask တပ်ဖို့နဲ့ Social Distancing စည်းမျဉ်းကို လိုက်နာဖို့အတွက် အကြံပြုခဲ့ပါတယ်။ အဲဒီတုန်းက ဒီနည်းဗျူဟာက အလုပ်ဖြစ်ပေမယ့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ပြီး နောက်ပိုင်းမှာ အလုပ်ကနေ ရပ်နားခံခဲ့ရပါတယ်။

ဒေါက်တာသောမတ်စ်နဲ့ အန်တိုနီတို့က ကပ်ရောဂါကို ထိန်းချုပ်တဲ့နေရာမှာ အကြံတူရုံတင်မကပါဘူး။ ပုံပန်းအသွင်အပြင်လည်း တူညီကြပါတယ်။ သူတို့နှစ်ဦးလုံးက ကျန်းမာရေးနယ်ပယ်ကဖြစ်ပြီး Ivy League ဆေးကျောင်းကို တက်ရောက်ခဲ့ကာ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့မှာ ကော်မရှင်အဖွဲ့ ဝင်တွေဖြစ်ခဲ့ကြတာလည်း တူပါတယ်။

စပိန်တုပ်ကွေးဟာ ၁၉၁၈ခုနှစ်ဇူလိုင်လက ဝါရှင်တန်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အစပိုင်းမှာ ကူးစက်ခံရသူ (၃၀၀) ကျော်ရှိခဲ့ပေမယ့် အရေအတွက်က တဖြည်းဖြည်းနဲ့ လျော့နည်းသွားခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာလမှာ ကူးစက်ခံရသူ အရေအတွက် ပြန်များလာခဲ့ပါတယ်။ ၁၉၁၈ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ မြို့တော်ဝန် ဟန်ဆန် (Hanson) က ဒေါက်တာသောမတ်စ်ဆီကနေ အကြံဉာဏ်ရယူခဲ့ပြီး ဘုရားကျောင်း၊ အခြားလူစုလူဝေးများတဲ့ နေရာတွေကို ပိတ်ပစ်ခဲ့တဲ့အပြင် Mask တပ်ဖို့ စည်းမျဉ်းလည်း ထုတ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဒေါက်တာသောမတ်စ်က ကပ်ရောဂါတွန်းလှန်ဖို့အတွက် သတင်းစာတွေမှာ စာရေးသား ပေးပို့ခြင်းအားဖြင့် အကြံပြုချက်တွေကို ဖြန့်ဝေဖို့ စတင်ကြိုးစားခဲ့ပါတယ်။ နိုင်ငံသားတိုင်းရဲ့ အကူအညီနဲ့ ကူးစက်ရောဂါ ဖြစ်လာတာကနေ ဒီတုပ်ကွေးကို ကာကွယ်နိုင်တယ်လို့ စာစောင်တွေမှာ ရေးသားအကြံပြုထားပါတယ်။ လူစုလူဝေးမလုပ်ဖို့နဲ့ တစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာခွာနေဖို့၊ ရောဂါလက္ခဏာပြလာရင် အိမ်မှာနေဖို့နဲ့ လူစုလူဝေးများတဲ့နေရာတွေ သွားရင် Mask ဝတ်ဖို့ လူတွေကို ဒေါက်တာသောမတ်စ်က အကြံပြုခဲ့ပါတယ်။ “အသက်ရှင်နိုင်ဖို့အတွက် အရေးကြီးတဲ့အရာတွေကလွဲလို့ လူစုလူဝေးလုပ်နိုင်တဲ့ နေရာတွေအားလုံးကို ဟန့်တားထားရမယ်လို့လည်း ဒေါက်တာ သောမတ်စ်က ရေးသားခဲ့ပါတယ်။

ဝါရှင်တန်ပြည်နယ်အတွက် ဒေါက်တာသောမတ်စ်ရဲ့ နည်းဗျူဟာက အတော်လေး အလုပ်ဖြစ်တဲ့ပုံပါပဲ။ ဒေါက်တာသောမတ်စ်ရဲ့ နည်းဗျူဟာကြောင့် တုပ်ကွေးကပ်ရောဂါကြောင့် သေဆုံးမှုနှုန်းက တဖြည်းဖြည်းနဲ့ လျော့နည်းသွားခဲ့ပါတယ်။ ဝါရှင်တန်ပြည်နယ်ရဲ့ သေဆုံးမှုနှုန်းက အခြားပြည်နယ်တွေထက် ပိုပြီးမနည်းဘူးဆိုရင်တောင် တန်းတူလောက်ပဲရှိခဲ့တယ်လို့ ဒေါက်တာသောမတ်စ်က ရေးသားခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံသားတွေက ဒေါက်တာသောမတ်စ်ရဲ့နည်းဗျူဟာတွေကို မလိုက်နာတော့တဲ့အတွက် တင်းကျပ်မှုတွေ တိုးမြှင့်ခဲ့ရပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့က တုပ်ကွေးနဲ့ပတ်သက်ပြီး Quarantine လုပ်ဖို့ကိုလည်း ထောက်ခံမပေးခဲ့ပါဘူး။

ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ကူးစက်ခံရမှုနှုန်းက ထပ်ပြီး မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် ဒေါက်တာသောမတ်စ်က တင်းကျပ်မှုတွေ လုပ်ဖို့အကြောင်း နောက်တစ်ကြိမ် ပြောခဲ့ပါတယ်။ အရေအတွက်က တဖြည်းဖြည်းနဲ့ များလာရင်းနဲ့ ဒေါက်တာသောမတ်စ်က ဒီအခြေအနေနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်လာခဲ့ပါတယ်။ အခုတစ်ခေါက်မှာတော့ ဘယ်သူမှ သူ့စကားနားမထောင်တော့ပါဘူး။

ဒေါက်တာသောမတ်စ်ဟာ ဥပဒေနဲ့ စည်းမျဉ်းတွေထုတ်ပြန်မှပဲ စည်းကမ်းလိုက်နာ ကြလိမ့်မယ်လို့ ယုံကြည်တဲ့ ခေတ်ဟောင်းဝါဒီတစ်ယောက်လို့ ပုတ်ခတ်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ ဒေါက်တာသောမတ်စ်ဟာ ဝါရှင်တန်ပြည်နယ်ရဲ့ ကျန်းမာရေးကော်မရှင်အဖွဲ့ဝင် ရာထူးကနေ ရပ်နားခံလိုက်ရပါတယ်။ ဒေါက်တာသောမတ်စ်သေဆုံးပြီး နှစ် (၈၀) နီးပါးအကြာမှာ ကျန်းမာရေးအကျပ်အတည်းတွေကို တွန်းလှန်တဲ့ သူ့ရဲ့နည်းဗျူဟာက ပြန်ပြီး အသက်ဝင်လာခဲ့ပါတော့တယ်။

Ref: During The 1918 Spanish Flu, This Public Health Official Introduced Social Distancing And Got Fired Over It

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top